

လီဗာပူးအသင်းဟာ စျေးကြီးကြီး တောင်းဆိုခံထားရတဲ့ မေဆန်မောင့်ကို ခေါ်ယူရေး နောက်ဆုတ်ခြင်းနဲ့အတူ ဒီနွေစျေးကွက်မှာတော့ စွန့်စားမှု နည်းမယ့် လက်မှတ်ထိုးမှုတွေကို ပြုလုပ်ဖွယ် ရှိနေပါတယ်။
ကွင်းလယ်ကို ပြန်လည် စုဖွဲ့မှု လုပ်နေတဲ့ လီဗာပူးအသင်းဟာ တန်ကြေးကြီး ကစားသမားတွေကို ခေါ်ယူခြင်းထက် အနာဂတ်မှာ အသင်းအပေါ် သက်ရောက်မှု ကြီးမားစေမယ့် ကစားသမားတွေကို ရွေးချယ်နေပါတယ်။
လက်ရှိ လူစာရင်းထဲက မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ အာသာတို့ ထွက်ခွာသွားသလို သီယေဂို၊ ဟန်ဒါဆန်တို့ကလည်း ၃၂ နဲ့ ၃၃ နှစ်တွေ ရှိလာနေပါပြီ။ လီဗာပူးအသင်းဟာ ၂၀၂၄ နွေမှာ စာချုပ်ကုန်မယ့် သီယေဂိုကို သက်တမ်းတိုးမှာ မဟုတ်ဘဲ ဟန်ဒါဆန်ရဲ့ ပွဲကစားချိန်ကိုလည်း လျော့ချပါတော့မယ်။
လက်တလောမှာ ကယ်လစ္စတာကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူထားပြီး သူဟာ ဟာဗေး၊ ကာတစ်ဂျုံး၊ မော်တန်၊ ဘာ့ဆီတစ်စတဲ့ လူငယ် ကြယ်ပွင့်တွေနဲ့အတူ နောက်ထပ် မျိုးဆက်တစ်ခုမှာ ပါဝင်သွားမှာပါ။
လီဗာပူးအသင်းဟာ နောက်ထပ် ကွင်းလယ် ခေါ်ယူမှုတွေကို ပြုလုပ်ဖို့ရှိပြီး လူငယ်ကြယ်ပွင့် တစ်ဦးကို လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။ Homegrown ကစားသမားမျိုးကို ပိုလိုချင်နေတဲ့ လီဗာပူးဟာ ဆောက်သမ်တန်မှ ရိုမီယို လာဗီယာကို သဘောကျသလို တူဟမ်၊ ဗီဂါနဲ့ ဂရာဗင်ဘက်ချ်တို့ကိုလည်း နှစ်သက်နေပါတယ်။
ဒီနောက်ပိုင်း သတင်းတွေအရ လီဗာပူးအသင်းဟာ ပေါင် သန်း ၇၀-၈၀ လောက် ကျသင့်မယ့် ကစားသမားတွေကို ဒီစျေးကွက်မှာ မခေါ်ယူပါဘူး။ အဲ့အစား ၂၀၁၆ တုန်းက မာနေး၊ ဝိုက်နယ်ဒမ်တို့ကို ခေါ်ယူစဉ်ကလို အရွယ်ကောင်းပြီး တိုးတက်ရိပ်ရှိတဲ့ ကစားသမားတွေကိုပဲ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်း ကစားသမားသစ် ၄ ဦး ခေါ်ယူမယ်လို့ မှန်းဆထားရပြီး လက်ရှိ အချိန်ထိတော့ ကယ်လစ္စတာ တစ်ဦးကို အားဖြည့်ထားနိုင်ပြီ ဖြစ်ပါတယ်။