

လီဗာပူးအသင်းရဲ့ နွေစျေးကွက် ဒုတိယပစ်မှတ်က ဘယ်သူဖြစ်လာမလဲဆိုတာ အတော်လေး စိတ်ဝင်စားခြင်း ခံရပေမယ့် ကလပ်အသိုင်းအဝိုင်းကြား သတင်းနဲ့ အခြားသော သတင်းထောက်တွေရဲ့ ဖော်ပြမှုတွေမှာ ရေပန်းစားမှုက အနည်းငယ် ကွဲလွဲနေပါတယ်။
လီဗာပူးသတင်းထောက်တွေရဲ့ အဆိုအရတော့ အသင်းဟာ ပြင်သစ် ယူ-၂၁ လက်ရွေးစင်ဖြစ်သူ ၂၂ နှစ်သား ကွင်းလယ်လူ တူဟမ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ တူဟမ်ရဲ့ အေးဂျင့်ကလည်း ဒီကနေ့မှာပဲ Nice အသင်းရဲ့ ရုံးချုပ်ကို ရောက်ရှိနေကြောင်း လူမှုကွန်ယက်ကနေ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လို့ နာမည်ကျော် အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် ရိုမန်နိုကတော့ လီဗာပူးဟာ ဒီနွေမှာ ယူရို သန်း ၄၀ ဖြင့် ခေါ်ယူနိုင်မယ့် စပိန်သား ဂါဘရီ ဗီဂါကို ချိန်ရွယ်နေတာလို့ ဆက်တိုက် ဖော်ပြလာနေပါတယ်။
ဗီဂါဟာ နယူးကာဆယ်နဲ့ သဘောတူညီမှု ရခဲ့ပြီလို့ သတင်းထွက်ခဲ့ဖူးပေမယ့် ရိုမန်နိုက အဆိုပါ သတင်းကို ငြင်းဆန်ခဲ့ပါတယ်။ သူကတော့ စပိန်သားကိုရဖို့ အသင်းတိုင်းက လမ်းပွင့်နေဆဲဖြစ်ပြီး လီဗာပူးဘက်က သဘောကျနေကြောင်း ဆက်တိုက် ဖော်ပြနေခဲ့တာပါ။
နောက်ဆုံး ဖော်ပြမှုမှာတော့ ရိုမန်နိုကပဲ ” ဂါဘရီ ဗီဂါနဲ့ လီဗာပူးကြား အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့် သူက တူဟမ်ကို မခေါ်ယူနိုင်ရင် ပစ်မှတ်အဖြစ် ရံထားခြင်း ခံရသူ မဟုတ်ပါဘူး။ သူတို့က မတူညီတဲ့ ကစားသမားတွေ့ါ။
လီဗာပူးရဲ့ အဝယ်စာရင်းမှာ ကစားသမားတွေ အများကြီး ရှိနေပါတယ် ဒါပေမယ့် စျေးကွက်တွင်းမှာ ခေါ်ယူလို့ရနိုင်မယ့် အခွင့်အရေးနဲ့ ကစားသမားအတွက် ကုန်ဆက်မယ့် စရိတ်အပေါ် မူတည်ပါလိမ့်မယ်။
တူဟမ်ကော ကူနေးပါ လီဗာပူးနဲ့ စကားပြောခဲ့ပြီး ဗီဂါက လီဗာပူး အလိုရှိနေတဲ့ ကွင်းလယ်လူ စာရင်းမှာ ပါဝင်နေသူပါ။ ဒါပေမယ့် အခုချိန်မှာ ဒီထက်ပိုပြီး မထူးခြားသေးပါဘူး ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နည်းပြကလော့ပ်နဲ့ အားကစားဒါရိုက်တာ ရှမတ်ကီတို့ကတော့ ဦးစားပေး ပစ်မှတ် အလစ္စတာကို ရခဲ့ပြီဖြစ်တာမို့ လက်ကျန် စျေးကွက်ကို စိတ်ရှည်ရှည်နဲ့ ဝင်ရောက်ဖို့ ပြင်ဆင်ထားကြောင်း ဂျိမ်းပီယာဇ့်တို့က ဖော်ပြထားပါတယ်။