ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လီဗာပူးက လူတန်တောင်နဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမယ်လို့ ပေါက်ကြားလာ

ဒီကနေ့ နေ့ခင်း ၂ နာရီခွဲမှာတော့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အန်ဖီးကွင်း တိုးချဲ့မှုကို အပြီးသတ်မှာမို့ ရာသီအဖွင့်ပွဲကို အဝေးကွင်းမှာ ကစားခွင့်ပေးဖို့ ပရီးမီးယားလိဂ်ကို တောင်းဆိုထားပါတယ်။ ဒုတိယပွဲမှပဲ အန်ဖီးကွင်းမှာ ဧည့်ခံရမှာပါ။

ဒီရက်အတွင်း လူမှုကွန်ယက်ပေါ်မှာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားတစ်ခု ပေါက်ကြားလာရာမှာတော့ အသင်းဟာ ရာသီအဖွင့်ပွဲကို လူတန်တောင်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ရာ အဝေးကွင်း သွားရောက်ရမှာ ဖြစ်ပါတယ်။

လူတန်တောင်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အသင်းဖြစ်ပြီး ၎င်းတို့ရဲ့ အိမ်ကွင်းဟာ ပရိသတ် ၁၀၀၀၀ ဝင်ဆံ့တယ်လို့ သိရတယ်။ ပရီးမီးယားလိဂ် အသင် ၂၀ အတွင်းမှာ အင်အားအနည်းဆုံး အသင်းလည်း ဖြစ်ပါတယ်။

ဒီပေါက်ကြားမှု မှန်ကန်ရင် လီဗာပူးအတွက် အတော်လေး ကောင်းတဲ့ အဖွင့်ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ လူတန်တို့ရဲ့ အိမ်ကွင်းက ပရီးမီးယားလိဂ်က သတ်မှတ်ထားတဲ့ အဆင့်အတန်းနဲ့ အံမဝင်တာကြောင့် တိုးချဲ့ပြင်ဆင်ရမှုတွေ ရှိမယ်လို့ သိထားရပါတယ်။