ယူရို ချန်ပီယံအဖြစ် အင်္ဂလန် စီနီယာအသင်းထံ ဝင်ရောက်နိုင်ဖို့ ရည်မှန်းနေတဲ့ ကာတစ်ဂျုံး

ကာတစ်ဂျုံးက ဒီနွေမှာ သူနောက်ဆုံး ကိုယ်စားပြုရမယ့် အင်္ဂလန် ယူ-၂၁ အသင်းနဲ့အတူ ယူရိုဖလား အောင်မြင်အောင် ကြိုးစားမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

ယူအီးအက်ဖ်အေ ယူ-၂၁ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ရိုမေးနီးယား၊ ဂျော်ဂျီယာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။ အင်္ဂလန် ယူ-၂၁ အသင်းမှာတော့ ကာတစ်ဂျုံးအပြင် ဟာဗေး အယ်လီးယော့လည်း ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

” ကျနော် ပြောနိုင်တာတွေ အများကြီး ရှိပါတယ်။ တစ်ခုကတော့ ကျနော်အသက်က ၂၂ နှစ်ရှိနေပါပြီ။ ဒါက ယူ-၂၁ အသင်းအတွက် ကျနော် နောက်ဆုံး ကစားပေးတာ ဖြစ်လာမှာပါ။ တတ်နိုင်သလောက် အမြင့်ဆုံးနဲ့ အဆုံးသတ်လိုပါတယ်။

ယူ-၂၁ အဆင့်ဟာ ကျနော်အတွက် လွယ်လွန်းတယ်ဆိုတာ ပြသလိုပါတယ်။ ကျနော်ကတော့ တစ်သင်းလုံးနဲ့အတူ ကာလရှည်ကြီး အနိုင်မရထားတဲ့ ဒီ ယူရိုဖလားကို အောင်မြင်လိုပါတယ်။ အရင် ၂ နှစ်ကလည်း ဒီပြိုင်ပွဲမှာ ကျနော် ကစားခဲ့ပါတယ်။ အစောပိုင်းမှာတင် ထွက်ခဲ့ရတာက ခက်ခဲပါတယ်။

အဲ့အတွေ့အကြုံနဲ့အတူ အသင်းဖော်တွေကို ကူညီပြီး ဒီပြိုင်ပွဲမှာ ကျနော် ဘာလဲဆိုတာ ပြသချင်ပါတယ် ” လို့ ဂျုံးက ပြောဆိုခဲ့တာပါ။

လက်ရှိ အင်္ဂလန် ယူ-၂၁ အသင်းမှာ ကာတစ်ဂျုံးဟာ စီနီယာတစ်ဦးဖြစ်ပြီး သူသာ ချန်ပီယံဖြစ်တဲ့အထိ တိုက်ပွဲဝင်နိုင်ခဲ့ရင် နောက်ထပ်သော လက်ရွေးစင်ပွဲတွေမှာ အင်္ဂလန် စီနီယာအသင်းကို ကိုယ်စားပြုနိုင်ရေး နည်းပြဆောက်ဂိတ်ရဲ့ အထင်ကြီးမှုကို ပိုင်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်။