လီဗာပူးက တူဟမ်ကို စကားပြောနေတဲ့ အဆင့်မှ သွေးဆောင်တဲ့ အဆင့်သို့ ပြောင်းလဲသွားပါပြီ

လီဗာပူးအသင်းဟာ ကွင်းလယ်လူ ကီဖရမ် တူဟမ်ကို အန်ဖီးထံ ပြောင်းလာရေး “သွေးဆောင်နေပါပြီ” လို့ ပြင်သစ်သတင်းဌာန L’Equipe က ဖော်ပြပါတယ်။

ဒီနွေစျေးကွက်မှာ ပထမဆုံးသော လက်မှတ်ထိုးမှုအဖြစ် ဖော်ပြခြင်း မရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့အတူ ဘရိုက်တန်ကွင်းလယ်လူ မက်ကယ်လစ္စတာကို လီဗာပူးအသင်း ခေါ်ယူထားပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးက ပေါင် ၃၅ သန်း ဝန်းကျင် ကျသင့်မယ်လို့ သိထားရပြီး နောက်ထပ် လက်မှတ်ထိုးမှုတွေဘက် ဦးလှည့်နေပါပြီ။

ဒီတလောမှာ လီဗာပူးအသင်းဟာ ကွင်းလယ်ပိုင်းအတွက် ဆက်လက် ကြိုးစားနေကြောင်း သိထားရကာ ပြင်သစ် ယူ-၂၁ ကွင်းလယ်လူ ကီဖရမ် တူဟမ်နဲ့ စပိန် ယူ-၂၁ ကွင်းလယ်လူ ဂါဘရီ ဗီဂါတို့နဲ့ သတင်းတွေ ထွက်နေပါတယ်။

လီဗာပူးအသိုင်းအဝိုင်းကတော့ ဒီအပတ်မှာပဲ အသင်းဟာ တူဟမ်ကို ခေါ်ယူဖို့ “တကယ်ကိုပဲ စဉ်းစားနေတယ်” လို့ ဖော်ပြခဲ့သလို “စကားပြောမှုတွေ လုပ်နေပြီ” လို့လည်း ဆိုထားတာပါ။

L’Equipe ကတော့ ကွင်းလယ်လူဟာ ဒီနွေမှာ OGC Nice ကနေ ထွက်နိုင်တယ်လို့ ဆိုပါတယ်။ သူတကယ်ပဲ လီဂူးဝမ်းကနေ ထွက်နိုင်ခြင်း ရှိ မရှိကို သိရဖို့ လီဗာပူးဘက်က သီတင်းပတ်များစွာ စကားပြောဆို စုံးစမ်းထားပါတယ်။

အခု အနေအထားမှာတော့ လီဗာပူးအသင်းဟာ အန်ဖီးထံ ပြောင်းလာဖို့ ကစားသမားကို သွေးဆောင်စည်းရုံးနေပြီ ဖြစ်ပါတယ်။ သူ့ကို လက်မှတ်ထိုးဖို့ဆိုရင် ပေါင် ၃၅ သန်းထက် ပိုတဲ့ ပြောင်းရွှေ့ကြေး ပေးရမယ်လို့ ယေဘုယျ သိထားရပါတယ်။

ဗီဂါရဲ့ ပြောင်းရွှေ့ကြေးကလည်း ပေါင် ၃၅ သန်း ဝန်းကျင်ပဲဖြစ်ပြီး အသင်းဘက်က လူငယ် ကြယ်ပွင့် တစ်ဦးကို ကွင်းလယ်အတွက် ခေါ်ယူဖို့ ရည်ရွယ်ချက် ရှိနေတာပဲ ဖြစ်ပါတယ်။