NEWS: လာမယ့်ရာသီ ကျောနံပါတ်သစ်ကို ပြောင်းလဲ ဝတ်ဆင်သွားတော့မယ့် ဒါဝင် နူညက်စ်

ဒါဝင် နူညက်စ်ဟာ လာမယ့်ရာသီမှာ ကျောနံပါတ် အသစ်ကို ဝတ်ဆင်သွားမယ်လို့ လီဗာပူးအသိုင်းအဝိုင်းတွေကြားမှာ ဖော်ပြလာနေပါတယ်။

နောက်ရာသီမှာ လီဗာပူးရဲ့ ဂန္တဝင် ကျောနံပါတ်တွေဖြစ်တဲ့ နံပါတ် ၇ ၈ ၉ ၁၀ တွေအတွက် ဆက်ခံသူအသစ်တွေ ပေါ်ထွက်လာမှာပါ။ အဆိုပါ နံပါတ်တွေထဲက နံပါတ် ၉ နဲ့ နံပါတ် ၁၀ တွေကို ဘယ်သူ ဝတ်ဆင်မလဲ သိလာရပါပြီ။

ကျောနံပါတ် ၁၀ ကို ကွင်းလယ်လူသစ် ကယ်လစ္စတာ ဝတ်မှာဖြစ်ပြီး နံပါတ် ၉ ကိုတော့ ဒါဝင် နူညက် ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒါဝင်ရဲ့ နံပါတ်အတွက် စတေကာတွေကို လီဗာပူးဘက်က ပြင်ဆင်ထားပါပြီ။ ကျန်တဲ့ နံပါတ် ၇ နဲ့ နံပါတ် ၈ ကို ဘယ်သူဝတ်မလဲ ဆက်လက် စောင့်ကြည့်ရပါမယ်။

မနှစ်ကရာသီ ကျောနံပါတ် ၂၇ ကို ဝတ်ဆင်ကစားခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံ ၄၂ ပွဲကစားပြီး သွင်းဂိုး ၁၅ ဂိုး သွင်းယူခဲ့တာပါ။ သူဟာ ရာသီသိမ်းခါနီး ပွဲစဉ်တွေမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပါတယ်။

လာမယ့်ရာသီ ဂျိုတာ၊ ဂက်ပို၊ ဒီယက်ဇ်တို့နဲ့ ပွဲထွက်နေရာ ပြိုင်ဆိုင်ရမယ့် ဒါဝင်ဟာ ဖာမင်နို ထွက်ခွာသွားခြင်းကြောင့် လစ်လပ်နေတဲ့ ကျောနံပါတ် ၉ ကို ဆက်ခံမယ်လို့ သိရတယ်။

ဒါဝင်ဟာ ဘင်ဖီကာမှာတုန်းက နံပါတ် ၉ ကို ဝတ်ဆင်ရင်း ၂နှစ်အတွင်း ၄၈ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဂက်ပိုက အထောင်နေရာကို ဝင်ကစားနေတာမို့ အနာဂတ်မှာ ဘယ်တောင်ပံအဖြစ်လည်း ကစားရနိုင်တဲ့ ဒါဝင်ဟာ နံပါတ် ၉ ကို ရွေးချယ်မှာ ဖြစ်ပါတယ်။