NEWS: ပရီးမီးယားလိဂ်ကလပ်နဲ့ စကားပြောနေပြီဖြစ်တဲ့ ကာဗာရို၊ မကြာခင် သတင်းထူး ထွက်လာမည်။

ကာဗာရိုဟာ ဒီနွေမှာ လီဗာပူးအသင်းကနေ ထွက်ဖို့ သေချာနေပြီဖြစ်ကာ လက်တလောမှာ ပရီးမီးယားလိဂ်ကလပ်နဲ့ စကားပြောမှု ပြုလုပ်နေပါတယ်။

ကလော့ပ်က သူ့ကို အထင်ကြီးမှုတွေ ရှိစေတဲ့ အသက် ၂၀ အရွယ် တိုက်စစ်သမားကို အပြီးသတ် လက်လွတ်ရမှာမျိုး အလိုမရှိပါဘူး။ ဒါကြောင့် လီဗာပူးအသင်းက တစ်ရာသီ အငှားချတာ ဒါမှမဟုတ် ပြန်လည် ဝယ်ယူခွင့်ပါတဲ့ ကမ်းလှမ်းမှုကို နားထောင်ပေးတာ ဖြစ်လာနိုင်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ရ လိုက်ဇစ်အသင်းဘက်က ပေါင် ၁၀ သန်းဖြင့် ကမ်းလှမ်းပေမယ့် လီဗာပူးဘက်က ပယ်ချခဲ့တယ်။ ဘွန်ဒက်လီဂါကလပ်ဟာ ဒုတိယမြောက် ကမ်းလှမ်းမှု ထပ်ပေးဖို့ ပြင်ဆင်ထားပါတယ်။

လက်တလောမှာ ကာဗာရိုအတွက် ဆွေးနွေးမှု ဝင်လာတာကတော့ ယူရိုပါလိဂ် ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ ဝက်စ်ဟမ်းအသင်း ဖြစ်ပါတယ်။ David Lynch ရဲ့ ဖော်ပြမှုမှာတော့ မကြာခင် သတင်းထူးကို ကြားရမယ်လို့ သိရတယ်။

” ကာဗာရိုကို အငှားနဲ့ ထွက်ခွင့်ပေးမလား၊ ရာသီကုန်ရင် အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်းမလားနဲ့ ပြန်လည် ဝယ်ယူခွင့် အချက်ကို ထည့်သွင်း စာချုပ်ချုပ်မလား မကြာခင် သိရပါတော့မယ် ” လို့ David Lynch က ဆိုပါတယ်။

ကာဗာရိုက ဘယ်တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေကို အားသန်သူဖြစ်ပြီး လက်ရှိ ဘယ်ခြမ်းမှာ ဂျိုတာ၊ ဒီယက်စ်၊ ဒါဝင်တို့ ရှိနေသလို နောက်ချန် တိုက်စစ်သမား နေရာမှာလည်း ဂက်ပို၊ ဂျိုတာတို့က ကစားနိုင်သေးတာ ဖြစ်ပါတယ်။