ယာဂင်ကလောပ့်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ခင်တုန်းက စနစ်သစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ပြီး တိုးတက်တဲ့ ပုံစံတွေကို မြင်တွေ့စေခဲ့ပါတယ်။
၃-၂-၂-၃ ပုံစံ အခင်းအကျင်းမှာတော့ ညာအစွန်လူ ထရန့်ဟာ ညာခြမ်းနဲ့ ကွင်းလယ် နံပါတ် ၆ နေရာတွေကို ပူးတွဲ တာဝန်ယူခဲ့တာပါ။ ဖာဘင်ညို၊ ထရန့်အတွဲရဲ့ အရှေ့မှာ နံပါတ် ၈ သမား နှစ်ဦးထားပြီး တိုက်စစ် ၃ ယောက်ဖြင့် တွဲဘက်ပေးထားတာ ဖြစ်ပါတယ်။
လာမယ့်ရာသီမှာတော့ ဘယ်ခြမ်း ခံစစ်မှူးသစ် ဒါမှမဟုတ် ရော်ဘတ်ဆန်ဟာ ဗန်ဒိုက်၊ ကိုနတေး၊ ထရန့်နဲ့အတူ ခံစစ်ပိုင်းမှာ ပွဲထွက်နိုင်ပါတယ်။ ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဂျုံးနဲ့ ကယ်လစ္စတာတို့ ပွဲကစားရမယ့် အနေအထားဖြစ်ပါတယ်။
တိုက်စစ်ပိုင်းမှာ ဖာမင်နို မရှိတော့ပေမယ့်လို့ ဆာလာ၊ ဂက်ပို၊ ဂျိုတာ၊ ဒီယက်ဇ်၊ ဒါဝင်တို့ ၅ ဦးထိ ရှိနေတာနဲ့အတူ နေရာပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ် ရှိပါတယ်။
မာဆေးဆိုဒ် သတင်းဌာနရဲ့ ဖော်ပြချက်အရ ကလော့ပ်ဟာ ဒီယက်ဇ်၊ ဂက်ပို၊ ဆာလာ တိုက်စစ်အတွဲကို ဦးစားပေးအဖြစ် ထုတ်သုံးဖို့ကို စဉ်းစားထားပါတယ်။ ဒါကြောင့် ဒါဝင်ဟာ ဂျိုတာနဲ့အတူ ဘယ်ခြမ်းနဲ့ အထောင်နေရာတွေအတွက် နေရာပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
နံပါတ် ၉ ကို ပြောင်းလဲ ဝတ်ဆင်ဖွယ်ရှိတဲ့ ဒါဝင်ကို ကလော့ပ်က ဘယ်ခြမ်းတောင်ပံမှာ အသုံးပြုဖို့ မြင်ထားပြီး ဂျိုတာကိုတော့ လိုအပ်လာရင် ဆာလာ နေရာ အစားထိုးဖို့ ညာတောင်ပံနေရာ ပို့လာနိုင်တယ်လို့ သိရပါတယ်။