

ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အင်္ဂလန်အတွက် ကိုယ်တိုင် ဂိုးသွင်းခဲ့တဲ့ ဖန်တီးရှင် ထရန့်က အနာဂတ်မှာ ကွင်းလယ်လူနေရာက အမြဲတမ်း ကစားလိုတဲ့ သဘောတွေ ထုတ်ပြောလာပါတယ်။
ကလော့ပ် လက်အောက်မှာ ညာအစွန်နဲ့ ကွင်းလယ်နေရာကို ပူးတွဲ ကစားသူအဖြစ် တာဝန်ယူခဲ့တဲ့ ထရန့်ဟာ အင်္ဂလန်မှာတော့ ကွင်းလယ်လူ စစ်စစ် နေရာက ပွဲထွက်ခွင့်ရခဲ့တာပါ။ ကစားသမားဘဝကို ကွင်းလယ်လူနဲ့ စတင်ခဲ့ပြီးမှ ညာအစွန်နေရာ ပြောင်းလဲခဲ့တဲ့ ထရန့်ကတော့ ဒီနေရာကို သဘောတွေ့နေပါပြီ။
ထရန့်က “ ကွင်းလယ်က ကျနော် ကစားနိုင်တဲ့ နေရာပါ။ မန်နေဂျာက ကျနော်ကို အဲ့နေရာမှာ စမ်းသပ်လိုတယ်ဆိုရင် ကျနော် ကစားချင်ပါတယ်။ အနာဂတ်မှာ ဒီနေရာကနေပဲ ကစားမလားဆိုတာကိုတော့ အတိအကျ မသိနိုင်ပါဘူး။
ကျနော်ကတော့ အင်္ဂလန်အတွက် တတ်နိုင်သလောက် ပွဲတွေ အများကြီး ကစားဖို့၊ မန်နေဂျာကို ခေါင်းကိုက်ရအောင် လုပ်ဖို့ပဲ ရည်မှန်းပါတယ်။ ကွင်းလယ်ကနေ ကစားဖို့ရာ အများကြီး အလားအလာ ရှိပါတယ်။ မန်နေဂျာရဲ့ အတွေးအပေါ် မူတည်တာပေါ့ ” လို့ ထရန့်က ပြောပါတယ်။
အခုချိန်ထိ ကလပ်အဆင့်မှာကော လက်ရွေးစင်မှာပါ ထရန့်ဟာ ညာအစွန်သမား အဖြစ် ဆက်ကစားခွင့်ရမှာလား ကွင်းလယ်ကို ပြောင်းလဲသွားမလား မသိနိုင်သေးပါဘူး။ ဒါပေမယ့်လို့ အများကြီး သင်ယူမှုတော့ လုပ်လာနိုင်ပါပြီ။
“ မေးခွန်းတွေ အများကြီး ရှိခဲ့ပါတယ်။ ကျနော် ဘယ်လို ကစားရမယ်၊ ဘယ်လို ကစားသင့်တယ်ဆိုတဲ့ အချက်အလက်တွေ အများကြီးလည်း ရခဲ့တယ်။ ကွင်းလယ်မှာ ကစားရတာကို ပုံမှန်လို ခံစားမိပါတယ်။ ပုံမှန်လိုလည်း ကစားနိုင်ပါတယ်။ နှစ်နေရာလုံးမှာ ရင့်ကျက်လာနေပါတယ် ” လို့ ထရန့်က ဆက်ပြောခဲ့တာပဲ ဖြစ်ပါတယ်။