လီဗာပူးက ကွင်းလယ်လူသစ် ၃ ဦးနဲ့ ခံစစ်မှူး ၁ ဦးခေါ်ယူရင် ပြီးပြည့်စုံတဲ့ နွေစျေးကွက် ဖြစ်သွားမှာလား

မနှစ်ကရာသီ ခြေစွမ်းတွေ အရမ်း ဆိုးရွားနေစဉ်အတွင်း လီဗာပူးပရိသတ်တွေမှာ မျှော်လင့်ချက် တစ်ခုရှိပါတယ်။ အဲ့တာကတော့ နွေစျေးကွက်ကျရင် အားကောင်းတဲ့ အင်အားဖြည့်မှုတွေနဲ့အတူ လူစာရင်း ပြန်တည်ဆောက်မယ်လို့ ယုံကြည်မှုဖြစ်ပါတယ်။

အဲ့တုန်းကတော့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ် အပြင် များစွာသော ထိပ်တန်း ကြယ်ပွင့်တွေဟာ လီဗာပူးကို ရောက်လာနိုင်တယ်လို့ သတင်းကြီးခဲ့တယ်။ ဒါပေမယ့်လို့ ရာသီကုန်ခါနီး ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်စဉ်မှာတော့ အနေအထားတွေက ပြောင်းလဲလာခဲ့ပါတယ်။

လီဗာပူးဟာ ဘယ်လင်ဟမ်ကို ခေါ်ယူရေးကနေ နောက်ဆုတ်ခဲ့တယ်။ ထိပ်တန်း လူငယ် ခံစစ်မှူးတွေကို လက်မှတ်ထိုးဖို့ ရေပန်းစားရာကနေ သွေးအေးလာခဲ့ပါတယ်။ အသင်းရဲ့ နွေအသုံးစရိတ်ဟာ ပေါင် သန်း ၂၀၀ ရှိမယ် သတင်းကြီးရာက ပေါင် သန်း ၁၅၀ လောက်ထိ ကျဆင်းလာမယ့် အခြေအနေ ဖြစ်ပါတယ်။

အခုချိန်ထိတော့ ကလပ်ရဲ့ နွေစျေးကွက်က အကောင်းမြင်စရာ ရှိပါသေးတယ်။ အဲ့တာကလည်း မနှစ်က တစ်ရာသီလုံး ဒုက္ခများခဲ့တဲ့ ကွင်းလယ်အတွက် ကယ်လစ္စတာလို ကစားသမားကို ရလိုက်တာကြောင့်ပါ။ ကယ်လစ္စတာဟာ လီဗာပူးကွင်းလယ်မှာ ဟန်ဒိုနေရာကို ဝင်ယူပါလိမ့်မယ်။

ဒါပေမယ့် အသင်းရဲ့ နောက်ထပ် ပစ်မှတ်တွေဟာ ပရိသတ်တွေကို မေးခွန်းထုတ်စရာတွေ ပေးလာနေပါတယ်။ တူဟမ်၊ ဗီဂါ၊ ဂရာဗင်ဘက်ချ်၊ လာဗီယာတို့က တိုးတက်နေဆဲ လူငယ်ကွင်းလယ်လူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အနာဂတ်က တောက်ပနိုင်ပေမယ့် ကလော့ပ်ရဲ့ ပွဲထွက်လူစာရင်းမှာ တိုက်ရိုက် ပါဝင်နိုင်မလား မသေချာပါဘူး။

ဂွီးမားရက်စ်လို ကစားသမားကို နယူးကာဆယ်ကနေ ဆွဲထုတ်ဖို့က မဖြစ်နိုင်ပါဘူး။ နီဗက်စ်ကလည်း ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့ပြီ ဖြစ်ပါတယ်။ ဘာရယ်လာအတွက် အင်တာဘက်က ပေါင် သန်း ၆၀ လောက် လိုနေချိန် အသင်းဘက်က ပေါင် သန်း ၅၀ တောင် မသုံးလိုပါဘူး။

ခံစစ်မှာလည်း ဘယ်ခြမ်း ဗဟိုခံစစ်မှူး ခေါ်ယူဖို့ သတင်းတွေ ထွက်ပေမယ့်လို့ လီဗီ ကိုးဝယ်၊ ဂါဗာဒီယို၊ အန်နာဆီယိုတို့ကို လက်မှတ်ထိုးနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အသင်းဘက်က ခေါ်ယူနိုင်မယ် ရေပန်းစားနေတဲ့ ဗန်ဒီဗန်ကိုလည်း ဝုဒ်ဘတ်က ရောင်းချလိုခြင်း မရှိသေးပါဘူး။

ဒီနွေမှာ ခေါ်ယူမယ့် ကစားသမားတွေထဲမှာ ကယ်လစ္စတာ တစ်ဦးကပဲ ပွဲထွက် လူစာရင်းနေရာ တိုက်ရိုက် ဝင်နိုင်မယ်လို့ မှန်းဆစရာရှိပြီး မနှစ်ကရာသီ လူစာရင်းနဲ့ပဲ ဆက်သွားမယ့် အနေအထားဖြစ်နေပါတယ်။ လက်ရှိ လူစာရင်းမှာ တိုက်စစ်နဲ့ ဂိုးသမား နေရာကလွဲလို့ အားပျော့နေပါတယ်။

အခုချိန်ဟာ စျေးကွက်စဖွင့်တဲ့ ပထမအပတ်ပဲ ကုန်ဆုံးသေးကာ နောက်ထပ် ရက်ပေါင်း ၇၀ တောင် ကျန်နေပါသေးတယ်။ ဇူလိုင်လ ရာသီကြိုလောက်မှ အခြေအနေကို တီးခေါက်နိုင်မှာဖြစ်ပြီး အကောင်းမြင်စိတ် ပိုမို ထားရှိကာ အသင်းဘက်က ဒီထက် ရည်ရွယ်ချက်ကြီးဖို့ မျှော်လင့်နေမိတာ ဖြစ်ပါတယ်။