

ဇာဘီအလွန်ဆိုရဲ့ လေဗာကူဆင်က ဘွန်ဒက်လီဂါမှာ တိုးတက်လာခဲ့သလို ယူရိုပါလိဂ်မှာလည်း အဆင့်တစ်ခုထံ ရောက်ရှိခဲ့တာမို့ လက်ရှိ နည်းပြလောကမှာ ကျင်လည်နေတဲ့ လီဗာပူး ကစားသမားဟောင်းတွေထဲမှာ ထင်သာမြင်သာ အရှိဆုံး နည်းပြတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဂျရတ် တည်ဆောက်ထားခဲ့တဲ့ ရိန်းဂျားအသင်းဟာလည်း အလားတူ အခြေအနေကို ရောက်ရှိခဲ့ပြီး ယူရိုပါလိဂ် ဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ပေမယ့် နံပါတ် ၈ ကစားသမားဟောင်းကြီးဟာ ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် သူဖမ်းဆုပ်ခဲ့တဲ့ အက်စ်တွန်ဗီလာမှာတော့ မအောင်မြင်ခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၁၂လအတွင်း ဂျရတ်ရဲ့ အခြေအနေက ကျဆင်းသွားခဲ့ပေမယ့် သူ့အသင်းဖော်ဟောင်း အလွန်ဆိုကတော့ ထိုးတက်လာခဲ့ပြီး ကလော့ပ်ရဲ့နေရာကို ရေရှည်မှာ အစားထိုးနိုင်မယ့်သူ ဆိုတဲ့ ထင်ကြေးပေးမှုတွေတောင် ရှိလာခဲ့ပါတယ်။
အလွန်ဆိုဟာ မာကိုရို့စ် ထွက်ခွာသွားချိန် မိုချန်ဂလက်ဘက်နဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုကို ရရှိခဲ့ပေမယ့် ချက်ခြင်း လက်မခံပဲ အချိန်ကောင်းကို စောင့်နေခဲ့တဲ့ အကျိုးကို ခံစားခဲ့ရပါတယ်။
အလွန်ဆိုဟာ သူနဲ့ ကိုက်မယ့် အလုပ်ကို အချိန်ယူ စောင့်ဆိုင်းခဲ့တယ်။ လေဗာကူဆင်မှာ နည်းပြလုပ်ဖို့ အောက်တိုဘာမှာ အလွန်ဆို အခွင့်အရေး ရလာတော့ ဂျရတ်ဟာ ဗီလာပက်ခ်မှာ ၉ ပွဲအတွင်း ၁ပွဲသာ အနိုင်ရခဲ့ပြီး ရာထူးကနေ ထုတ်ပယ်ခံရဖို့ ဖြစ်လာပါတယ်။
အလွန်ဆို စရောက်တဲ့အချိန်မှာ လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါရဲ့ တန်းဆင်းဇုန် နေရာတွေထဲ ရှိနေခဲ့ပြီး ရာသီကုန်မှာတော့ အဆင့် ၆ နေရာထိ တက်လှမ်းခဲ့ပါတယ်။ အလွန်ဆိုဟာ သူ့ရဲ့ ကလပ်မှာ အကောင်းမြင်စရာတွေ ရှိနေချိန် ဂျရတ်ကတော့ ဆော်ဒီလိဂ်မှာ အစကနေ ပြန်စတင်ပါတော့မယ်။
အခုနေ လီဗာပူးဟာ မန်နေဂျာသစ် ရှာဖွေဖို့ စောနေသေးတယ်လို့ ခံစားမိနေမှာပါ။ ဒါပေမယ့် မနှစ်ကလို အသင်းက ဆက်လက် ရုန်းကန်ရမယ်ဆိုရင် ကလော့ပ်ရဲ့ ရာထူးနေရာက အာမခံချက် ရှိဖို့ ခက်ခဲပါလိမ့်မယ်။ မဟုတ်ခဲ့ရင်တောင် ကလော့ပ်ဟာ လီဗာပူးနဲ့ ၂၀၂၆ ထိပဲ စာချုပ်ရှိတော့တာပါ။
အနာဂတ်မှာ လီဗာပူးတို့ နည်းပြသစ်ကို ရှာဖွေတဲ့အချိန် ရောက်လာခဲ့ရင် လူငယ် နည်းပြတစ်ဦးကိုပဲ ထပ်မံ ချိန်ရွယ်ဖွယ်ရှိပြီး စတီဗင် ဂျရတ်ထက် ဇာဗီ အလွန်ဆိုက ဦးစားပေးနေရာ ပိုရောက်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။