လီဗာပူးပစ်မှတ် ရီးရဲလ်ကစားသမားကို ၂၅% ပိုများတဲ့ ပြောင်းရွှေ့ကြေးဖြင့် နယူးကာဆယ် ချိတ်ဆက်

အင်္ဂလန်ပြည်တွင်းမှာ လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် နေရာကို ပြိုင်ဆိုင်ရယူသွားတဲ့ နယူးကာဆယ်ဟာ ဒီနွေစျေးကွက်မှာ ကစားသမား ခေါ်ယူရေးတွေမှာလည်း အပြိုင်အဆိုင် ပြုလုပ်နေပါတယ်။

အင်တာမီလန်မှ ဘာရယ်လာနဲ့ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါတို့ကို ခေါ်ယူရေးမှာ လီဗာပူးနည်းတူ နယူးကာဆယ်ကလည်း ချိတ်ဆက်နေတာပါ။ စပိန်သတင်းတွေရဲ့ ဖော်ပြမှုမှာတော့ နယူးကာဆယ်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ချူအာမီနီကို ခေါ်ယူရေးမှာလည်း ပါဝင်လာမယ်လို့ သိရပါတယ်။

နယူးကာဆယ်ဟာ ပြင်သစ်သား ကွင်းလယ်လူအတွက် လီဗာပူး ချိတ်ဆက်ခဲ့တဲ့ ပြောင်းရွှေ့ကြေးထက် ၂၅% ပိုများတဲ့ ပမာဏအဖြစ် ယူရို သန်း ၈၀ ဖြင့် ချဉ်းကပ်နေတာ ဖြစ်ပါတယ်။ သို့ပေမယ့် ရီးရဲလ်မက်ဒရစ်တို့ စိတ်ဝင်စားလာအောင် စည်းရုံးနိုင်ခြင်း မရှိသေးပါဘူး။

နယူးကာဆယ်အသင်းက ချူအာမီနီကို ဒီနွေစျေးကွက်မှာ ရအောင် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် FSG ဟာ ပရိသတ်တွေရဲ့ တိုက်ရိုက်ကျတဲ့ ဝေဖန်ချက်တွေကို ရသွားမှာဖြစ်ပြီး လီဗာပူးအသင်း အားကစားခေါ်ယူရေး အဖွဲ့ဟာလည်း များစွာသော ဝေဖန်မှုတွေကို ရင်ဆိုင်သွားရဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ လက်တလောထိတော့ ဒီနွေစျေးကွက်မှာ ချယ်ဆီး၊ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက် အပြင် နယူးကာဆယ်နဲ့ပါ ထိပ်တိုက်မတွေ့သေးပါဘူး။ ဒါပေမယ့် လက်ကျန် စျေးကွက်မှာ အင်္ဂလန်ကလပ်တွေကြား အပြိုင်အဆိုင် ချိတ်ဆက်မှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။