

ထရန့်ဟာ ယာဂင်ကလော့ပ်ရဲ့ ၃-၄-၃ နည်းစနစ်မှာ ကွင်းလယ်လူနေရာကို တက်ကစားနေသလို အင်္ဂလန်အသင်းမှာတော့ ကွင်းလယ် နံပါတ် ၈ နေရာကနေ ပွဲထွက်နေပါပြီ။
အနာဂတ်မှာ ထရန့် နေရာပြောင်းကစားခဲ့မယ်ဆိုရင် အခွင့်အရေးရလာနိုင်သူ တစ်ဦးကတော့ ညာခြမ်းကစားသမား ကော်နာ ဘရတ်ဒလေ ဖြစ်ပါတယ်။ ဘရတ်ဒလေဟာ ညာအစွန်လူအဖြစ်ကနေ ကစားသမားဘဝ စတင်လာပေမယ့် လက်တလောမှာ ညာခြမ်း ကွင်းလယ်လူ နေရာထိ တိုးတက်ကစားခွင့်ရနေပါတယ်။
ဘော်တန်အသင်းမှာ အကောင်းဆုံး ကစားသမားဆုတွေ အားလုံးကို သိမ်းပို်က်ခဲ့တဲ့ ဘရတ်ဒလေက ထရန့်နဲ့ တွဲဘက်ကစားခွင့်ရလိုသလား မေးခွန်းကို “သေချာတာပေါ့” လို့ ခပ်မြန်မြန်ပဲ တုန့်ပြန်ခဲ့ပါတယ်။
ညာခြမ်းကစားသမားလေးက “ နည်းပြအပေါ်ပဲ မူတည်တာပေါ့လေ။ နည်းပြက ဘယ်လို ဆုံးဖြတ်မလဲပေါ့။ ထရန့်က သိပ်ကို အရည်အချင်းရှိတဲ့သူပါ။ အခြားသူတွေနဲ့ မတူဘဲ သိပ်ထူးချွန်တဲ့ ဘောလုံးသမားပါ။
ရာသီကြိုမှာ ကျနော် ဘာလုပ်နိုင်မလဲ ဆိုတဲ့အပေါ် စောင့်ကြည့်ရပါလိမ့်မယ်။ ပြီးရင်တော့ ဘာဖြစ်လာမလဲ သိရမှာပါ ” လို့ တုန့်ပြန်ခဲ့တယ်။
ထရန့်ကို ညာအစွန်-ကွင်းလယ် တွဲဘက်ပေးတဲ့ နေရာကနေ တစ်ဆင့်တက်ပြီး ကွင်းလယ်နေရာ အပြီးပို့မယ်ဆိုရင် ညာအစွန်လူသစ် လိုအပ်လာမှာပါ။ တောင်ပံ-အစွန် နေရာကို ပိုင်နိုင်ကာ မနှစ်ကရာသီ ၅၃ ပွဲအတွင်း ကိုယ်တိုင် ၇ ဂိုးသွင်း ဂိုးထောက်ပံ့မှု ၆ ကြိမ်လုပ်တဲ့ ဘရတ်ဒလေဟာ ရွေးချယ်စရာ တစ်ဦး ဖြစ်လာနိုင်ပါတယ်။
ဆယ်ကျော်သက်လေးကပဲ “ ရာသီကြိုမှာ လီဗာပူးအသင်းနဲ့ ရှိနေမှာဖြစ်ပြီး ဘာတွေဖြစ်လာမလဲ စောင့်မျှော်နေမိပါတယ်။ စကားပြောရတာတွေ မရှိသေးပေမယ့် ဒီတစ်ကြိမ် ရာသီကြိုက ကျနော်အတွက် ကြီးမားနိုင်တာမို့ စိတ်လှုပ်ရှားနေပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။