လူငယ်တန်းမှာ ဂိုး ၁၃၀ သွင်းထားတဲ့ မူရှော်ဝေါ်စကီအတွက် ကလပ် နှစ်သင်းနဲ့ စကားပြောမယ့် လီဗာပူး

လီဗာပူးအသင်းဟာ လူငယ်အသင်းမှာ တိုးထွက်လာဖို့ ရုန်းကန်နေရတဲ့ ပိုလန်သား မူရှောဝေါ်စကီကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် တောင်ပံသမားဟာ ၂၀၂၀ မှာ SMS Lodz ကနေ လီဗာပူးထံ ပြောင်းလာခဲ့တာပါ။ ပိုလန်ကလပ်မှာ လူငယ်ပွဲပေါင်း ၈၀ အတွင်း ဂိုးပေါင်း ၁၃၀ သွင်းယူခဲ့တဲ့ တိုက်စစ်သမားဟာ လီဗာပူးမှာတော့ တည်ငြိမ်တဲ့ ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။

ယာဂင်ကလော့ပ်ရဲ့ ပထမအသင်းနဲ့ လေ့ကျင့်ရေး အကြိမ်ကြိမ် ဆင်းဖူးတဲ့ တိုက်စစ်သမားဟာ ရံဖန်ရံခါမှာ လီဗာပူးပရိသတ်တွေကို အထင်ကြီးစေတဲ့ စွမ်းဆောင်ရည် ပြသပေမယ့်လို့ မျှော်လင့်ထားသလောက် တိုးတက်မလာခဲ့ပါဘူး။

မနှစ်ကရာသီ ယူ-၂၁ အသင်းမှာ ၂၂ ပွဲပဲ ကစားခဲ့သလို ၁၃ ပွဲမှာသာ ပွဲထွက်လူစာရင်းက ပါနိုင်ခဲ့ပြီး ၃ ဂိုး သွင်းခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ စာချုပ်ကုန်မယ့် တိုက်စစ်သမားအတွက် ဒီနွေမှာ ကမ်းလှမ်းမှုတွေ ရမယ်ဆိုရင် နားထောင်ဖို့ လီဗာပူးဘက်က ဆုံးဖြတ်ထားတယ်။ ပိုလန်သတင်းဌာန WP SportoweFakty ရဲ့ ဖော်ပြချက်အရ တိုက်စစ်သမားကို ဇာတိမြေထံ ပြန်ခေါ်လိုတဲ့ ကလပ်တွေ ရှိနေပါတယ်။

ပိုလန် ကလပ်တွေဖြစ်တဲ့ Widzew Lodz နဲ့ LKS Lodz တို့ဟာ မူရှောဝေါ်စကီကို ပြန်လည် ခေါ်ယူလိုနေပြီး အပြီးသတ်တောင် မဟုတ်ဘဲ တစ်ရာသီ အငှားဖြင့်ပဲ ကမ်းလှမ်းကြမှာပါ။ ၎င်းတို့ကတော့ ရာသီကုန်မှာ အလွတ်ဖြင့် လက်မှတ်ထိုးလိုနေကြပါတယ်။

လီဗာပူး အကယ်ဒမီဟာ ကိုဗစ်ကာလကတည်းက တောက်ပတဲ့ ကြယ်ပွင့်တွေ နည်းပါးလာနေတာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ပိုလန်မက်ဆီ အဖြစ် နာမည်ကြီးခဲ့ကာ ဒေါ့မွန်ကတောင် ကင်းထောက်ခဲ့တဲ့ မူရှောဝေါ်စကီကို စျေးပေါပေါဖြင့် လက်လွတ်ရဖွယ် ရှိလာနေခဲ့ပြီ ဖြစ်ပါတယ်။