ဘာရယ်လာကို ကြိုက်ပေမယ့် ပြောင်းရွှေ့ကြေး သဘောမကျဖြစ်နေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာကို သဘောကျကြောင်း သဘောထားတွေကို ထုတ်ပြထားပေမယ့်လို့ စီးရီးအေကလပ်ဘက်က သင့်လျောတဲ့ ပမာဏကို ချိန်ညိမပေးရင် ကမ်းလှမ်းမှု ပြုလုပ်မှာ မဟုတ်ပါဘူး။

နည်းပြကလော့ပ်နဲ့ အဖွဲ့ဝင်တွေဟာ ဘာရယ်လာကို အတော်လေး သဘောကျပြီး ကွင်းလယ်လူရဲ့ ကြံ့ခိုင်မှုနဲ့ အရည်အချင်းဟာ လီဗာပူးအသင်း ကစားကွက်မှာ အံဝင်မယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူအတွက် အင်တာဘက်က တောင်းဆိုစျေးကိ များပြားနေပါတယ်။

အင်္ဂလန်ကလပ်တွေက ဘာရယ်လာအတွက် ပေါင် သန်း ၅၀ ဖြင့် ချိတ်ဆက်မယ်လို့ ဖော်ပြမှုတွေ ရှိပေမယ့်လို့ အင်တာမီလန်ဘက်က သူတို့ ကစားသမားကို ပေါင် သန်း ၆၀-၇၀ ကြား အလိုရှိနေတာပါ။ ဒီပမာဏကို ပေးချေလိုတဲ့ ကလပ် မပေါ်ထွက်လာသေးပါဘူး။

စီးရီးအေပြင်ပကို ထွက်ခွာဖူးခြင်း မရှိသလို သူ့အသက်အရွယ်ဟာ ပေါင် သန်း ၅၀ အောက်မှာပဲ ရှိသင့်တယ်လို့ လီဗာပူးဘက်က ယုံကြည်ထားတယ်။ ဘာရယ်လာကို ခေါ်ယူရေး လုံးဝ လက်လျော့ထားတာ မဟုတ်ပေမယ့် ပြောင်းရွှေ့ကြေး မလျော့ပေးရင် လီဗာပူးဘက်က ဝင်ပြီး ချိတ်ဆက်မှာ မဟုတ်ပါဘူး။

The Independent သတင်းထောက် Miguel Delaney က ပြောရာမှာ

“ လီဗာပူးအသင်းက ကယ်လစ္စတာပြီးနောက် ဒုတိယမြောက် ကွင်းလယ်လူအဖြစ် ဘာရယ်လာဟာ သူတို့အသင်းနဲ့ အံဝင်မယ်သူလို့ ခံစားမိနေပြီး အီတလီသားကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေပါတယ်။

အန်ဖီးကလပ်ကပဲ လက်တလော ဘာရယ်လာအတွက် စီးရီးအေကလပ်ရဲ့ တောင်းဆိုမှုဟာ သိပ်မြင့်မားတယ်လို့ ယုံကြည်ခြင်းနဲ့အတူ တူဟမ်ကို ကမ်းလှမ်းနိုင်နေခြင်းကပဲ ပိုမို သင့်လျော်တဲ့ အပြောင်းအရွှေ့ ကိစ္စအဖြစ် မှတ်ယူနေပါတယ် ” လို့ ဖော်ပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ကွင်းလယ်လူသစ် ၃ ဦးလောက်ထိ ခေါ်ယူလိုတာမို့ ဘဏ္ဍာရေးပိုင်း ရုန်းကန်နေရတဲ့ အင်တာဘက်က ဘာရယ်လာအတွက် စျေးချပေးရင် ကွင်းလယ်လူကို ခေါ်ယူရေး ကမ်းလှမ်းမှုက ဖြစ်လာနိုင်တာလို့ သိလာရတာ ဖြစ်ပါတယ်။