

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ လူငယ်တန်းထဲက ကစားသမား တစ်ဦးကို ခေါ်ယူမှာဖြစ်ပြီး အဲ့အတွက်လည်း ဥရောပကြယ်ပွင့် ၄ ဦးကို ကင်းထောက် စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။
ကယ်လစ္စတာနောက် လီဗာပူး လက်မှတ်ထိုးမယ့် ကွင်းလယ်လူဟာ ပြင်သစ်မှ ကီဖရမ် တူဟမ်နဲ့ မန်နူကူနေး၊ နယ်သာလန်မှ ဂရာဗင်ဘက်ချ်နဲ့ စပိန်မှ ဂါဘရီ ဗီဂါတို့ ဖြစ်ကြပါတယ်။ သူတို့ ၄ ဦးလုံးဟာ ဒီနွေမှာ ယှဉ်ပြိုင်မယ့် ယူ-၂၁ အဆင့် ယူရိုပြိုင်ပွဲမှာ အရွေးခံထားရပါတယ်။
လီဗာပူးအသင်း ခေါ်ယူမယ်လို့ ရေပန်းအစားဆုံးက တူဟမ်ဖြစ်ပြီး သူ့နောက်မှာတော့ ဂရာဗင်ဘက်ချ်၊ ဗီဂါ၊ မန်နူကူနေးတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ ဒီကစားသမား အားလုံးဟာ ယူရို သန်း ၄၀ ဝန်းကျင် ပြောင်းရွှေ့ကြေး ရှိထားပါတယ်။
လီဗာပူးဘက်က ကစားသမားတွေရဲ့ ကိုယ်စားလှယ်တွေဖြင့် စကားပြောထားပြီး နွေမှာ အသင်းပြောင်းလိုခြင်း ရှိမရှိနဲ့ စာချုပ် အခြေအနေတွေကို တီးခေါက်ထားပါပြီ။ သူတို့ကို ခေါ်ယူရေး အင်္ဂလန်ကလပ်တွေနဲ့ ယှဉ်ပြိုင်ရဖို့ ရှိသလို ဘယ်သူက ခြေစွမ်း အထက်ဆုံးလဲဆိုတာကို ပရိသတ်တွေ ကိုယ်တိုင် လေ့လာခွင့် ရမှာဖြစ်ပါတယ်။
ပြိုင်ပွဲရဲ့ ဖိုင်နယ်နေ့ကတော့ ဇူလိုင်လ ၈ ရက်နေ့ဖြစ်ပြီး လီဗာပူးအသင်း ရာသီကြို ပြင်ဆင်မှု စတင်မယ့်ရက် ဖြစ်ပါတယ်။ ယူ-၂၁ ပြိုင်ပွဲအပြီး သူတို့ရဲ့ ကြံ့ခိုင်မှု ရာနှုန်းပြည့် ကောင်းမွန်နေသလားကို အသင်းဘက်က ဆက်လက် စောင့်ကြည့်နေမယ့် အလားအလာ ဖြစ်ပါတယ်။
ကာတစ်ဂျုံး၊ ဟာဗေး အယ်လီးယော့တို့ကလည်း အင်္ဂလန် ယူ-၂၁ အသင်းကို ကိုယ်စားပြုနေကြတာနဲ့အတူ ဒီကစားသမားတွေဟာ ပြိုင်ပွဲရဲ့ တစ်နေရာမှာ ထိပ်တိုက်တွေ့လာနိုင်ပါတယ်။