

မနေ့ညတုန်းကပဲ လီဗာပူးအသင်းဘက်က နောက်နှစ်နွေမှာ အန်ဖီးကွင်းထံ အမေရိကန်အဆိုတော် တေလာဆွစ်ဖ် ၂ ည သာ လာရောက်ဖျော်ဖြေမယ့် အကြောင်း ကြေညာခဲ့ပါတယ်။
ကလပ်ဘက်က BIG news အဖြစ် အဆိုပါ သတင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။လက်မှတ် ဘယ်လိုဝယ်ယူရမလဲ အတွက် သတင်းအချက်အလက်တွေ ပေးသွားခဲ့သလို တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားသူတွေ၊ ကလပ်မန်ဘာတွေကို လက်မှတ် ၄ စောင် ဝယ်ခွင့်ပေးမယ်လို့ပါ ထုတ်ပြန်ပေးသွားပါတယ်။
ထပ်ပြီးလည်း FSG လက်ထက် အကြီးစား တည်ဆောက်မှု ၃ ခုထဲက တစ်ခုအဖြစ် Anfield Road Stand ကို တိုးချဲ့မှု အပြီးသတ်တော့မှာ ဖြစ်တာမို့ ဒီရာသီကစလို့ ပရိသတ်ဝင်ဆံ့မှုဟာ ၅၄၀၀၀ ကနေ ၆၁၀၀၀ ထိ တိုးမြှင့် လက်ခံနိုင်လိမ့်မယ်လို့လည်း ကြွားလုံး ထုတ်သွားခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ ကြေညာချက်အောက်မှာ အသင်းပရိသတ် အချို့က
” တေလာဆွစ်ဖ်က 4-3-3 ဒါမှမဟုတ် 3-2-2-3 ကစားကွက်ရဲ့ ဘယ်နေရာမှာ ကစားမှာလဲ? ”
” အဲ့တော့ တေလာဆွစ်ဖ်က အာသာထက် အန်ဖီးမှာ ပွဲများများ ပိုပါခွင့်ရသွားတော့မှာပေါ့။ ”
” နောက်နှစ်မှ မဟုတ်လား? ဒီနှစ်တော့ နာဘီကိတ်တာ နေရာ လူသစ် တစ်ဦး ခေါ်ယူတာလေး အရင်လုပ်ပေးပါဦး။ ”
” ငါတို့အသင်းက နောက်ထပ် ကမ္ဘာ့အကောင်းဆုံး ဆုပိုင်ရှင်ကို လက်မှတ်ထိုးလိုက်ပြန်ပြီပေါ့။ သိပ်ကောင်းတဲ့ နွေစျေးကွက်တစ်ခုပါပဲ။ ”
” တေလာဆွစ်ဖ် Play မှာက ကွင်းလယ် နံပါတ် ၆ လား နံပါတ် ၈ လား? ငါသိထားတာတော့ သူမက ဂစ်တာပဲ play တတ်တာဆို။ ” လို့ လှောင်ပြောင်ခဲ့ကြတယ်။
လီဗာပူးမြို့မှာ နေထိုင်တဲ့ အချို့ ပရိသတ်ကတော့ ” အား ဒါလေးကတော့ ဘောလုံးပွဲတွေ မကြိုက်တဲ့ ငါ့သမီးလေးအတွက် အန်ဖီးကွင်းထံ အလည်ခေါ်သွားဖို့ အခွင့်အရေးကောင်းပါပဲ ” ဆိုပြီး ပျော်ရွှင်စကား ပြောဆိုသွားတာ ဖြစ်ပါတယ်။