ကီဖရမ် တူဟမ်၊ ဗန်ဒီဗန်တို့နဲ့ လီဗာပူးကြား အပြောင်းအရွှေ့ကိစ္စ နောက်ဆုံးရ အခြေအနေ

နယ်သာလန်သား ခံစစ်မှူး ဗန်ဒီဗန်ရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားဟာ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ပစ်မှတ်စာရင်းမှာ ထိပ်ဆုံးနေရာက ပါဝင်နေတယ်လို့ ထုတ်ပြောမှု ပြုလုပ်လာပါတယ်။

အေးဂျင့် Jose Fortes Rodriguez က ဗန်ဒီဗန် အသင်းပြောင်းမလား ဆိုတဲ့ မေးခွန်းအတွက်တော့ “ ကလပ်တွေ အများကြီးက စိတ်ဝင်စားနေကြပါတယ်။ အခုချိန်မှာ သူက ဝုဒ်ဘတ်မှာပဲ သေချာပေါက် ဆက်ရှိနေမယ် ပြောရင် ညံ့ဖျင်းရာကျပါမယ်။ ဒီနွေမှာ ဘာမဆိုဖြစ်လာနိုင်ပါတယ်။

ဗန်ဒီဗန်လို သိပ်ကို တိုးတက်လာနေတဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ ကလပ်တွေက အများကြီး ရှိနေတာပါ။ ဒါပေမယ့် မှန်ကန်တဲ့ ကလပ် မတွေ့ဘူးဆိုရင် ဘာလို့ ဝုဒ်ဘတ်မှာ ဆက်မနေရမှာလဲ ” လို့ ဖြေဆိုပေးခဲ့ပါတယ်။

ခံစစ်မှူးအတွက် လီဗာပူးဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံ နည်းပါးသေးတဲ့ သူ့လို လူငယ်တစ်ဦးကို ဒီနွေမှာ လီဗာပူးအသင်း ခေါ်ယူမလား အခြား ခံစစ်မှူး ရှာဦးမလားကို ပရိသတ်တိုင်းက သိလိုနေကြတာ ဖြစ်ပါတယ်။

ပြင်သစ်ဒေသတွင်း သတင်းထောက်ဖြစ်သူ Nice-Matin ကတော့ လီဗာပူးဟာ တူဟမ်ကို ခေါ်ယူရေးအတွက် အကုန်လုံး အဆင့်သင့်ဖြစ်နေပြီလို့ ဖော်ပြခဲ့တယ်။ လက်တလောမှာ ကစားသမားဘက်က ယူ-၂၁ ယူရိုပြိုင်ပွဲကို အာရုံစိုက်လိုနေတာမို့ လီဗာပူးအသင်းဟာ ပြိုင်ပွဲ ပြီးချိန်ထိ စောင့်ဆိုင်ရမှာဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲပြီးရင် လီဗာပူးနဲ့ Nice အသင်း တာဝန်ရှိသူတွေကြား ပြောင်းရွှေ့ကြေး စကားပြောကြမှာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူအတွက် Nice ဘက်က အနည်းဆုံး ယူရို သန်း ၄၀ တောင်းဆိုမှာဖြစ်ပါတယ်။