အာရပ်ကမ္ဘာရဲ့ ဟီးရီုး ဆာလာကို ဆော်ဒီလိဂ်ထံ ခေါ်ယူမယ်လို့ လိဂ်တာဝန်ရှိသူတွေ ပေါ်တင် ထုတ်ပြောလာ

ဆော်ဒီကလပ်တွေဟာ ဥရောပမှ နာမည်ကျော် စတားတွေကို ဆက်တိုက် ခေါ်ယူနေပြီး ဘန်ဇီမာ၊ ကန်တေတို့က တရားဝင် ရောက်ရှိသွားခဲ့ပါပြီ။

ဆော်ဒီသမိုင်းမှာ စျေးအကြီးဆုံး ကစားသမားအဖြစ် ဝုဗ်ကွင်းလယ်လူ နီဗက်စ်ကလည်း ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်။ ချယ်ဆီး ကစားသမားတွေဖြစ်တဲ့ ကူလီဘာလေ၊ ဇီယက်ချ်၊ မန်ဒီတို့ကို ဆော်ဒီဘက်က ချိတ်ဆက်နေသလို ဆွန်ဟောင်မင်လို အာရှကြယ်ပွင့်လည်း ချိတ်ဆက်ခံခဲ့ရတာပါ။

ဆော်ဒီပရိုလိဂ်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်ကတော့ သူတို့ဟာ အာရပ်ကမ္ဘာမှာ ဟီးရိုးတစ်ဦးလို ထင်ရှားလှတဲ့ လီဗာပူးတိုက်စစ်သမား ဆာလာကိုလည်း အနာဂတ်မှာ ခေါ်ယူသွားမှာပါလို့ ထုတ်ပြောလာခဲ့တယ်။

Saudi Pro League တာဝန်ရှိသူ Hafez Al-Medlej က “ ကျနော်တို့ စတင်မှုတွေ လုပ်နေပါပြီ။ အခုချိန်မှာ ပြောင်းရွှေ့လာနိုင်မယ့် ကစားသမားတိုင်းကို ဆော်ဒီကလပ်တွေက ပစ်မှတ်ထားနေပါတယ်။

တရုတ်မှာဖြစ်ခဲ့တဲ့ အတွေ့အကြုံက ကျနော်တို့ကို မထိခိုက်စေပါဘူး။ သူတို့မှာ ဘောလုံးက အဲ့လောက် မထင်ရှားပါဘူး။ အာရပ်လောကမှာတော့ ကျနော်တို့မှာ စစ်မှန်တဲ့ ပရော်ဂျက်ရှိပါတယ်။ ဒီမှာက ဘောလုံးအပေါ် ချစ်ခင်စိတ် သိပ်ပြင်းထန်ပါတယ်။

ကျနော်တို့က ကစားသမားဘဝ ကုန်တော့မယ့် သူတွေကိုပဲ လိုက်ခေါ်နေတာ မဟုတ်ပါဘူး။ Al Hilal က လက်မှတ်ထိုးလိုက်တဲ့ နီဗက်စ်က ဘာစီလိုနာကလည်း လိုချင်နေတာဖြစ်ပြီး အသက် ၂၆ နှစ်ပဲ ရှိပါသေးတယ်။ ဘလွန်းဒီအောဆု ရထားတဲ့ ဘန်ဇီမာလည်း Al Ittihad အသင်းကို ရောက်နေပါပြီ။

မိုဆာလာကို လက်မှတ်ထိုးဖို့လည်း ကျနော်တို့ စတင် ကြိုးစားနေပါပြီ။ အာရပ်ကမ္ဘာမှာကော ဥရောပမှာပါ သူက အရမ်းကို ကျော်ကြားနေပါတယ်။ ဆာလာက လီဗာပူးမှာပဲ စံချိန်တွေကို ဆက်ချိုးလိုနေဦးမှာ ဖြစ်တာမို့ လက်တလော မခေါ်နိုင်သေးဘူး ဆိုပေမယ့် အနာဂတ်မှာ သူ့ကို ခေါ်ယူသွားမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဆာလာဟာ လီဗာပူးမှာ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိနေပြီး လာမယ့် နွေမှာ သူ့ကို ရောင်းချမလား ဆက်ထိန်းမလား အသင်းဘက်က ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။