ဒဏ်ရာရှိနေတဲ့ အယ်လီဆန်၊ စီနီယာတွေကို ရောင်းဖွယ် မရှိခြင်း၊ အသုံးစရိတ် နည်းပါးနေခြင်း၊ အနားယူတော့မယ့် ဆွာရက်စ်၊ ချန်ပီယံရှစ်ရောက်မယ့် ဂျရတ်နဲ့ လီဗာပူး နံနက်ခင်း သတင်းများ

ဒီနွေမှာ ဆာလာကို ခေါ်ယူဦးမှာ မဟုတ်ပေမယ့် လီဗာပူးနဲ့ ၂၀၂၅ ခုနှစ် နွေထိ စာချုပ်ရှိထားတဲ့ ကွင်းလယ်လူကို အနာဂတ်မှာ ဆော်ဒီလိဂ်ထံ ခေါ်ယူသွားမှာပါလို့ လိဂ်တာဝန်ရှိသူတွေက ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းဟာ ကီဖရမ် တူဟမ်ကို အရင် ခေါ်ယူမှာဖြစ်ကာ နောက်ပိုင်းမှ ပြောင်းရွှေ့ကြေး ဘယ်လောက်ကျန်မလဲ အပေါ် မူတည်ပြီး ဆယ်တာကွင်းလယ်လူ ဗီဂါအတွက် စဉ်းစားမှာဖြစ်ကြောင်း Neil Jones က ဖော်ပြပါတယ်။

အီတလီ သတင်းထောက်ကြီး Di Marzio ရဲ့ ဖော်ပြမှုအရတော့ ဗီဂါကို ခေါ်ယူရေး နာပိုလီက ဝင်ပါလာနေပြီ ဖြစ်ပါတယ်။

ဘရန့်ဖိုဒ့်အသင်းဟာ တိုက်စစ်သမား ကာဗာရိုကို ခေါ်ယူရေး ပါဝင်ကြိုးစားလာနေပါပြီ။ လိုက်ဇစ်နဲ့ ဝက်စ်ဟမ်းတို့က အရင် ချိတ်ဆက်နေပေမယ့် လီဗာပူးဘက်က ပေါ်တူဂီသားကို ထွက်ခွင့်မပေးလိုပါဘူး။

ပဲရစ်ဖက်ရှင်ရှိုးမှာ ညာအစွန်လူ ထရန့်ဟာ သူ့ရဲ့ ဆံပင်ကေသစ်ကို ပြသခဲ့ကာ ပရိသတ်တွေထံက များစွာသော ထင်မြင်ချက်တွေကို ရရှိခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှူးဟောင်း ဆွာရက်စ်ဟာ သူ့ရဲ့ ဒူးဒဏ်ရာကြောင့် ဘောလုံးကစားခြင်းကနေ အနားယူဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ရီးရဲလ်ကွင်းလယ်လူ ချူအာမီနီကို ပေါင် ၅၅ သန်းဖြင့် ချိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး လာလီဂါကလပ်ဘက်က ပေါင် သန်း ၈၀ ရမှ လက်ခံစဉ်းစားမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

အင်စတာဂရမ်က ပုံအရ အယ်လီဆန်ရဲ့ လက်ချောင်းဟာ ဒဏ်ရာရှိနေဆဲပါ။ သူ့ရဲ့ ဒဏ်ရာက ပြင်းထန်လား အသေးစားလားဆိုတာတော့ သတင်းမသိရသေးပါဘူး။

ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့ ဂျရတ်ဟာ ချန်ပီယံရှစ်ကလပ် Sheffield Wednesday အသင်း နည်းပြရာထူးကို လက်ခံမယ်လို့ သတင်းကြီးနေပါတယ်။

ဂျိုးဂိုးမက်စ်အပေါ် လီဗာပူးဘက်က မျှော်လင့်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။ ခံစစ်သမားဟာ ဗန်ဒိုက်နဲ့ တွဲဘက်ရမယ့် ဘယ်အစွန်နဲ့ ဘယ်ခြမ်းဗဟိုခံစစ်မှူး နေရာအပြင် ညာအစွန်မှာပါ ကစားနိုင်မယ်လို့ အသင်းဘက်က မျှော်လင့်နေပါတယ်။

ဒီနွေမှာ မာတစ်၊ သီယေဂို အပါအဝင် စီနီယာအသင်းသား အားလုံးကို လီဗာပူးဘက်က ဆက်လက် ထိန်းသိမ်းသွားမယ်လို့ The Athletic က ဖော်ပြလာပါတယ်။

နယူးကာဆယ်အသင်းက အေစီမီလန် ကွင်းလယ်လူ တိုနယ်လီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားခြင်းနဲ့အတူ ဘာရယ်လာ ချိတ်ဆက်မှုမှာ ပါဝင်သွားဖွယ် မရှိတော့ပါဘူး။