လီဗာပူးအသင်းဟာ နွေလက်မှတ်ထိုးမှုအဖြစ် ကယ်လစ္စတာကို ခေါ်ယူပြီးတည်းက ဘယ်သူ့ကို ရမယ်ဆိုတာ မသေချာဖြစ်လာနေခြင်းနဲ့အတူ ကလပ်ရဲ့ နွေအသုံးစရိတ် အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။
မနှစ်ကရာသီမှာ အသုံးစရိတ်ဟာ ပေါင် သန်း ၂၀၀ ဒါမှမဟုတ် ယူရို သန်း ၂၀၀ ရှိမယ်လို့ မှန်းဆခဲ့ကြပေမယ့် ချန်ပီယံလိဂ် မဝင်ခြင်းနဲ့အတူ ကလော့ပ်ဟာ မှန်းဆမှုတွေထက် ပိုမို နည်းပါးတဲ့ ငွေကြေး ပမာဏပဲ ရမယ်လို့ သိထားရတာပါ။
လီဗာပူးရဲ့ လက်တလော အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အသင်းသတင်းထောက် Neil Jones က CaughtOffside သတင်းဌာနက တစ်ဆင့် ပြောဆိုမှု လုပ်လာခဲ့တယ်။
Neil Jones ကပဲ ” လီဗာပူးအသင်းက ဒီနွေမှာ ကီဖရမ် တူဟမ်ကို သေချာပေါက် လက်မှတ်ထိုးဖို့ ကြည့်မှာပါ။ မန်နူကူနေးထက်စာရင် တူဟမ်ကို ခေါ်ယူဖို့က ပိုဖြစ်နိုင်ပါတယ် ” လို့ ပြောပါတယ်။
သူ ဆက်ပြောတာက ” ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူဖို့ဆိုတာ လွန်ခဲ့တဲ့ ၁၂ လတုန်းကတောင် ပိုဖြစ်နိုင်ပါသေးတယ်။ အခုချိန်မှာတော့ သူ့ကို ခေါ်ဖို့က ကြီးမားတဲ့ စွန့်စားမှုလို့ လီဗာပူးဘက်က မြင်ပါတယ်။ အသင်းက ထိပ်တန်းအဆင့်မှာ သက်သေပြထားသူ တစ်ဦးကို လိုအပ်နေပါတယ် ” လို့ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်လူတွေဖြစ်တဲ့ ကီဖရမ် တူဟမ်၊ မန်နူကူနေး၊ ဂရာဗင်ဘက်ချ်နဲ့ ဗီဂါတို့ ၄ ဦးထဲက တစ်ဦးကို လက်မှတ်ထိုးမယ်လို့ သိထားရတာပါ။ ဒါ့အပြင် ဗဟိုခံစစ်အတွက် ဗန်ဒီဗန်ကိုလည်း ချိန်ရွယ်နေပါတယ်။ နယ်သာလန်သား ဗန်ဒီဗန်ကို လီဗာပူးဘက်က ရွေးချယ်ထားကြောင်း Neil Jones ကလည်း ဆိုပါတယ်။
ဒါပေမယ့်လို့ ဗီဂါနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပြောဆိုမှုကြောင့်ပဲ အသင်းရဲ့ နွေအသုံးစရိတ်ကို ပရိသတ်တွေ မေးခွန်းထုတ်လာတာပါ။ Neil Jones က ” လီဗာပူးက တူဟမ်ကို ခေါ်ယူပြီးမှပဲ ဗီဂါကို ခေါ်ဖို့ အသုံးစရိတ် ကျန်မကျန်ဆိုတာ ကြည့်မှာပါ။ စပိန်ကွင်းလယ်လူက ဦးစားပေး ပစ်မှတ်လည်း မဟုတ်ပါဘူး ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
တူဟမ်ကို ခေါ်မယ်ဆိုရင် ပေါင် ၃၅ သန်း ကျသင့်မှာဖြစ်ပြီး ဗန်ဒီဗန်အတွက်က ပေါင် ၂၅ သန်း ဖြစ်ပါတယ်။ ထပ်တိုးကြေး အနည်းငယ် ပါဝင်နိုင်သေးပြီး ကယ်လစ္စတာအတွက် ပေးရတဲ့ ပေါင် ၃၅ သန်းနဲ့ဆိုရင် အသင်းရဲ့ နွေအသုံးစရိတ်က ပေါင် သန်း ၁၀၀ ပဲ ရှိမှာပါ။
ဒီ ၃ ယောက် ခေါ်ပြီးတာနဲ့တင် အသုံးစရိတ်ကို ပြန်ကြည့်မယ်လို့ သတင်းထောက်က ဆိုခဲ့တာကြောင့် လီဗာပူးပိုင်ရှင်တွေဟာ ဒီနွေအတွက် ပေါင် သန်း ၁၀၀ ထက် ပိုမထုတ်နိုင်ဘူးဆိုတဲ့ မှန်းဆချက်တွေ ကျယ်လောင်လာနေတာပဲ ဖြစ်ပါတယ်။