NEWS: လီဗာပူးနဲ့ ဗီဂါကြား လုပ်ခပိုင်းထိ စကားပြောထားကြောင်း ဆယ်တာဗီဂို သတင်းထောက် ပြောလာ

လီဗာပူးအသင်းက ဆယ်တာဗီဂို လူငယ် ကြယ်ပွင့် ဗီဂါကို သဘောကျနေတာဟာ ကွယ်ဝှက်ထားလို့ရတဲ့ အခြေအနေ မဟုတ်တော့ပါဘူး။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ မနှစ်ကရာသီမှာ လာလီဂါပွဲ ၃၆ ပွဲထိ ကစားခဲ့ကာ ကိုယ်တိုင် ၁၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ဒီနွေမှာ ခေါ်ယူဖို့ လီဗာပူး စောင့်ကြည့်နေတဲ့ ကွင်းလယ်လူ ၄ ဦးထဲက တစ်ဦးဖြစ်ပါတယ်။

ထူးခြားတာက လီဗာပူးသတင်းထောက်တွေက အသင်းဟာ ဗီဂါကို သဘောကျပေမယ့် အရမ်းကြီး ဦးစားမပေးဘူး ဆိုတဲ့ သဘောမျိုးတွေ ဖော်ပြနေချိန် ရိုမန်နို အပါအဝင် အင်္ဂလန်ပြင်ပက သတင်းထောက်တွေကတော့ လီဗာပူးဟာ ဗီဂါကို ခေါ်ယူဖို့ ခြေလှမ်းစထားကြောင်း ဖော်ပြခဲ့ပြီးပါပြီ။

ရိုမန်နိုကဆိုရင် လီဗာပူးဟာ ဗီဂါရဲ့ ကိုယ်စားလှယ်တွေနဲ့ စကားပြောသလို အခြေအနေ ကောင်းခဲ့ကြောင်း ဖော်ပြထားခဲ့တယ်။ အခု နောက်ဆုံး ပြောလာသူကတော့ ဆယ်တာဗီဂို သတင်းထောက်ဖြစ်တဲ့ Oscar Mendez ပဲ ဖြစ်ပါတယ်။

အီတလီသတင်းတွေမှာ ” နာပိုလီဟာ စာချုပ်ပါကြေး ယူရို သန်း ၄၀ ပါဝင်နေတဲ့ ဗီဂါကို ခေါ်ယူလိုပေမယ့် သူ့ကို ခေါ်ယူနိုင်ဖို့ လီဗာပူးနဲ့ ချယ်ဆီးတို့က စိတ်ဝင်စားနေတယ်။ လီဗာပူးဟာ ကစားသမားနဲ့ တစ်နှစ်ကို ယူရို ၅ သန်း ပေးမယ့် လုပ်ခထိတောင် သဘောတူညီမှုရထားပြီ” လို့ ဖော်ပြခဲ့တယ်။

ဗီဂါကို လီဗာပူးဘက်က တစ်ပတ် ပေါင် ၈၀၀၀၀ ဝန်းကျင်ပေးဖို့ သဘောတူထားကြောင်း ကိစ္စကို Mendez က အတည်ပြုခဲ့ကာ “ ကွင်းလယ်လူကို ရဖို့ဆိုရင် လီဗာပူးက ချယ်ဆီးထက် အရင် ဆယ်တာကို ယူရို သန်း ၄၀ ပေးဖို့တော့ လိုလိမ့်မယ် ” လို့ပါ ထည့်ဖြည့်ပြောသွားပါတယ်။

လီဗာပူးသတင်းထောက်တွေ ပြောသလို တူဟမ်က အရင် ရောက်မလား? အင်္ဂလန်ပြင်ပ သတင်းထောက်တွေ ပြောသလို ဗီဂါနဲ့ တကယ်ပဲ အခြေအနေ ကောင်းနေသလား? ဆိုတာက ယူ-၂၁ အဆင့် ယူရိုပြိုင်ပွဲ ပြီးမှပဲ သိရဖွယ် ရှိနေတာ ဖြစ်ပါတယ်။