

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ လက်ရွေးစင်အသင်းကို တာဝန်ယူဖို့ စိတ်ထဲရှိသူ ဖြစ်ပေမယ့်လို့ လက်တလောမှာ ဂျာမနီအသင်းထံ ရောက်ရှိသွားဦးမှာ မဟုတ်ပါဘူး။
နောက်ဆုံး ၁၆ ပွဲအတွင်း ၄ ပွဲပဲ အနိုင်ရထားတဲ့ ဂျာမနီအသင်းကို ယူရို ၂၀၂၄ မှာ ဦးဆောင်ပေးမယ့် ပုဂ္ဂိုလ်အဖြစ် ဂျာမန်အက်ဖ်အေက ကလော့ပ်ကို ပစ်မှတ်ထားလာကြောင်း ဂျာမနီသတင်းတွေက ဖော်ပြနေပါတယ်။ ဂျာမနီဟာ ယူရိုကို အိမ်ရှင်အဖြစ် ဧည့်ခံမှာမို့ အုပ်စုအဆင့်ထံ တိုက်ရိုက်ဝင်ခွင့် ရထားပါတယ်။
ဂျာမာန် ဘောလုံးလောကအပေါ် လွှမ်းမိုးမှု ကြီးမားတဲ့ ကလော့ပ်ဟာ လက်တလောမှာ လီဗာပူးအသင်း မန်နေဂျာအဖြစ် ကာလရှည် စာချုပ်ရှိထားတာပါ။ ကလော့ပ်ရဲ့ လီဗာပူး စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေအထိ ရှိနေပါတယ်။
နည်းပြကြီးရဲ့ အေးဂျင့်ဖြစ်သူ Mark Kosicke ကလည်း “ ယာဂင်က လီဗာပူးနဲ့ ကာလရှည် စာချုပ်ရှိထားပါတယ်။ ဒါကြောင့် ဂျာမနီ လက်ရွေးစင်အသင်း နည်းပြရာထူးက ကျနော်တို့အတွက် ထည့်စဉ်းစားရမယ့် အရာ မဟုတ်ပါဘူး ” လို့ သတင်းပေးသွားခဲ့ပါတယ်။
မနှစ်ကရာသီမှာ လီဗာပူးအသင်းကို ဆုဖလား ရယူပေးနိုင်ခြင်း မရှိတဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ စွမ်းဆောင်ပေးနိုင်ခြင်း မရှိတာမို့ ကလော့ပ်ရဲ့ နည်းပြရာထူးက အာမခံချက် အပြည့်မရနိုင်တော့ပါဘူး။ ဒီရာသီမှာလည်း ဆက်ပြီး အခြေအနေ ဆိုးခဲ့ရင် ကလော့ပ်ရဲ့ နည်းပြထိုင်ခုံက လှုပ်ခတ်လာမှာပါ။
ပြီးခဲ့တဲ့ရာသီတုန်းက ကလော့ပ်ကိုယ်တိုင်ကပဲ ” ပြီးခဲ့တဲ့ ရာသီတွေက အောင်မြင်မှုတွေကြောင့် လီဗာပူးနည်းပြ ထိုင်ခုံမှာ ဆက်ရှိနေတယ်ဆိုတာ ကျနော် သဘောပေါက်ပါတယ်။
အကယ်လို့များ ဒီရာသီက ကျနော်ရဲ့ ပထမဆုံး ဘောလုံးရာသီဆိုရင် ရာထူးကနေ ထုတ်ခံလိုက်ရလောက်ပါပြီ။ ကျနော် ဒီရာထူးမှာ ဆက်ရှိနေသေးတာမို့ ကိစ္စတွေကို ဖြေရှင်းရမှာပါ ” လို့ ဝန်ခံခဲ့သေးတာ ဖြစ်ပါတယ်။