

လီဗာပူးအသင်းရဲ့ နွေအပြောင်းအရွှေ့ စျေးကွက်ဟာ မျှော်လင့်ထားသလို ခပ်မြန်မြန် အပြီးမသတ်နိုင်ဘဲ နောက်ကျသွားမယ်ဆိုတဲ့ သတင်းက သေချာလာခဲ့ပါပြီ။
ကလပ်ဟာ အဓိက လိုအပ်ချက်ဖြစ်တဲ့ ကွင်းလယ်အတွက် ဘရိုက်တန်ကနေ ကယ်လစ္စတာကို ခေါ်ယူခဲ့ပါတယ်။ စျေးကွက် အစောပိုင်းမှာတင် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ပြီး အသင်းဘက်က ပေါင် ၃၅ သန်း ပေးရမယ်လို့ မှန်းဆကြပေမယ့် တရားဝင် သတင်းထုတ်ပြန်လာခြင်း မရှိပါဘူး။
ကယ်လစ္စတာကို ရပြီးတဲ့နောက်မှာ ကွင်းလယ်ပိုင်း လူငယ်တွေဖြင့် သွေးသစ်လောင်းဖို့ လီဗာပူးက ရည်ရွယ်လာခဲ့တယ်။ ဒါကြောင့်ပဲ ကက်ဖရင် သူရမ်၊ မန်နူကူနေး၊ ဂရာဗင်ဘက်ချ်၊ ဗီဂါတို့လို လူငယ် ကွင်းလယ်တွေကို ပစ်မှတ်ထားခဲ့ပါတယ်။ သူတို့အားလုံးဟာ ဒီနွေမှာ ကျင်းပတဲ့ ယူ-၂၁ အဆင့် ယူရိုပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေကြပါတယ်။
နောက်ထပ်ပစ်မှတ်ဖြစ်တဲ့ ခံစစ်မှူး ဗန်ဒီဗန်ကလည်း ဂရာဗင်ဘက်ချ်နဲ့အတူ နယ်သာလန် ယူ-၂၁ အသင်းမှာ ရွေးချယ်ခံထားရပါတယ်။ လီဗာပူး ကြယ်ပွင့်တွေဖြစ်တဲ့ ကာတစ်ဂျုံး၊ ဟာဗေးတို့က အင်္ဂလန် ယူ-၂၁ အသင်းမှာ ရွေးချယ်ခံထားရကာ ဇူလိုင်လ ၈ ရက်နေ့မှာတော့ ယူရိုပြိုင်ပွဲ ပြီးဆုံးမှာဖြစ်ပါတယ်။
ကစားသမားတွေက ပြိုင်ပွဲအတွက် အာရုံစိုက်နေကြတာမို့ သူတို့ကို လက်မှတ်ထိုးနိုင်မယ့် အချိန်ဟာ ပြိုင်ပွဲကြီး ပြီးဆုံးမှ ဖြစ်လာပါလိမ့်မယ်။ အဆိုပါ အချိန်မှာ ကလော့ပ်ဟာ စီနီယာအသင်းနဲ့ လေ့ကျင့်ရေး စတင်မှဖြစ်ပါတယ်။ ယူ-၂၁ ပြိုင်ပွဲဝင် ကစားသမားတွေဟာ အာရှခရီးစဉ်လောက်မှ အသင်းနဲ့ ပူးပေါင်းပါမယ်။
တကယ်တော့ ကယ်လစ္စတာကို အမြန်ခေါ်နိုင်ပေမယ့် နောက်ထပ် ပစ်မှတ်တွေအတွက် စောင့်ရနိုင်တာကို ကလော့ပ်က လီဗာပူးပရိသတ်တွေကို သတိပေးခဲ့ပြီး ဖြစ်ပါတယ်။ ရာသီနောက်ဆုံးပွဲဖြစ်တဲ့ ဆောက်သမ်တန်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်ကပဲ
” ကိစ္စတွေက ကိုယ်မျှော်လင့်ထားသလို အမြန်ဆုံးဖြစ်လာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တာတင် မဟုတ်ပါဘူး၊ ဖြစ်မလာနိုင်သလောက် ရှိနေတာပါ။ ကစားသမားကောင်း တစ်ယောက်ကို မနက်ဖြန် ခေါ်နိုင်တာဖြစ်နိုင်သလို ၆-၇ ပတ်လောက် စောင့်ခေါ်ရတာလည်း ဖြစ်လာနိုင်ပါတယ် ” လို့ ကြိုတင် ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
အခုချိန်မှာတော့ ကလပ်ရဲ့ နောက်ထပ် လက်မှတ်ထိုးမှုတွေကို စောင့်ဆိုင်းရမှာဖြစ်ပြီး အဓိက ကစားသမားတွေ ကြံ့ခိုင်မှု ကောင်းကောင်းဖြင့် ရာသီကြို စတင်လာနိုင်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။