

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ စိတ်ကျေနပ်ဖို့ ကောင်းလောက်တဲ့ ကစားသမား ခေါ်ယူမှုတွေကို မလုပ်နိုင်သေးဘဲ ကွင်းလယ်အတွက် ကယ်လစ္စတာ တစ်ဦးတည်းကိုပဲ ခေါ်ယူထားနိုင်သေးတာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ နောက်ထပ် ခေါ်ယူမယ့် ကစားသမားတွေထဲမှာ တိုက်စစ်မှူး မပါနိုင်သလို အသစ်ထပ်ရောက်လာမယ့် သူတွေဟာ ပွဲထွက် ၁၁ ဦးစာရင်းထဲ ပါနိုင်မယ် အာမခံချက် မရှိပါဘူး။
ဒီနွေမှာ အသင်း လက်လွတ်ထားရတဲ့ ကစားသမားတွေ များပြားခြင်းကြောင့် အပြင် ရှည်လျားတဲ့ ဘောလုံးရာသီအတွက် နောက်ထပ် ကစားသမားတွေ ခေါ်ယူဖို့တော့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။ ဒီတော့ လာမယ့်ရာသီ ဖြစ်လာနိုင်ဖွယ် ပွဲထွက် လူစာရင်း ၁၁ ဦးကို လေ့လာကြည့်မှာဖြစ်ပါတယ်။
ဂိုးသမား
အယ်လီဆန်ဟာ အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဆက်ဖြစ်နေဦးမှာပါ။ ကလယ်ဟာရဲ့ အနာဂတ် မရေရာမှုတွေ ထွက်ပေါ်ခဲ့ပေမယ့် အသင်းဘက်က သူ့ကို ဆက်ထိန်းကာ အယ်လီဆန်ရဲ့ အရန်နေရာအတွက် လျာထားဦးမှာဖြစ်ပြီး တတိယ ဂိုးသမား နေရာမှာ အတ်ဒရီယန် ရှိနေပါဦးမယ်။
ခံစစ်
ရာသီကုန်ခါနီး ကာလတွေအတွင်း နည်းပြကလော့ပ်ဟာ စာရွက်ပေါ်မှာ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းပေမယ့် တကယ်တမ်းမှာတော့ ၃-၂-၂-၃ ကစားကွက်ကို ထုတ်သုံးနေတာကို မြင်ရပါတယ်။ ကွင်းလယ်ခံစစ်အဖြစ် ဖာဘင်ညို တစ်ဦးတည်းထားကာ ဘောလုံးပိုင်ဆိုင်ချိန် ထရန့်ကို အတွင်းလူနေရာ ပူးတွဲ တာဝန်ယူနေစေတာပါ။
ခံစစ် ၄ ယောက်တန်းနေရာအတွက် ရိုဘို၊ ဗန်ဒိုက်၊ ကိုနတေးနဲ့ ထရန့်တို့ကိုပဲ ဆက်သုံးနေဦးမှာပါ။ နည်းပြအဖွဲ့ကတော့ ညာခြမ်းမှာ ဂိုးမက်စ်ကို မြင်ထားဆဲဖြစ်ကာ ရိုဘိုနေရာမှာ ဘယ်ခြမ်း ဗဟိုခံစစ်မှူး စစ်စစ်ကို သုံးကြည့်လိုနေတာကြောင့် အဲ့နေရာအတွက် ဒီစျေးကွက်ကနေ လူသစ်ရှာနေတာ ဖြစ်ပါတယ်။
ကွင်းလယ်
လက်ရှိ လီဗာပူး ကွင်းလယ်မှာ ကွင်းလယ်ခံစစ်အတွက် ဖာဘင်ညို ရှိနေပြီး ရာသီကြိုမှာ မော်တန်နဲ့ ဘာ့ဆီတစ်တို့ ခြေစွမ်း စမ်းသပ်ခံပါမယ်။ ကွင်းလယ် ခံစစ်ရှေ့က နံပါတ် ၈ ကွင်းလယ်လူ ၂ ဦး နေရာအတွက် ကာတစ်ဂျုံး၊ ဟာဗေး၊ ကယ်လစ္စတာတို့ ၃ ဦးရှိမှာဖြစ်တယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ပွဲကစားခွင့်က အကန့်အသတ် ရှိလာနိုင်ပြီး သူက နံပါတ် ၆ နဲ့ နံပါတ် ၈ နေရာတွေ ကစားနိုင်ပါတယ်။
ဒီနွေမှာ အသစ်ခေါ်ယူထားတဲ့ ကယ်လစ္စတာဟာ နည်းပြပေါ်တာ လက်ထက်တုန်းကထက် လက်ရှိ ဘရိုက်တန်နည်းပြ ဒီဇာဘီ လက်အောက်မှာ နံပါတ် ၈ သမားအဖြစ် တိုက်စစ်ကို ပိုလိုက်ခွင့်ရလာပါတယ်။ ညာခြေသန် ကွင်းလယ်လူဟာ ဘယ်ခြမ်း ကွင်းလယ်လူနေရာ ကစားတာများပေမယ့် ညာခြမ်းမှာလည်း ကစားနိုင်ပါတယ်။
လက်တလော လိုက်နေတဲ့ သူရမ်၊ မန်နူကူနေး၊ ဂရာဗင်ဘက်ချ်၊ ဗီဂါတို့ ရောက်လာခဲ့မယ်ဆိုရင် သူတို့ဟာ ကွင်းလယ် ပြိုင်ဆိုင်မှုကို ပိုပြီး အသက်ဝင်စေမှာ ဖြစ်ပါတယ်။
တိုက်စစ်
ဖာမင်နို ထွက်သွားပေမယ့်လို့ လီဗာပူးတိုက်စစ်က ဂုဏ်မငယ်သေးပါဘူး။ တကယ်တမ်းမှာ ဖာမင်နိုဟာ ဒီနှစ်တွေအတွင်း ဒဏ်ရာတွေကြောင့် ပုံမှန်ပွဲကစားခွင့် ဆုံးရှုံးနေခဲ့ပါတယ်။ သူဟာ ကလော့ပ်ရဲ့ စနစ်လို့ ကျော်ကြားခဲ့ပေမယ့် သူမရှိတော့ခြင်းက လီဗာပူးကစားဟန်ကို မထိခိုက်စေဘူးလို့ ယူဆရပါတယ်။
တိုက်စစ်အတွက် ဆာလာက ညာခြမ်းမှာ နေရာခိုင်ခိုင်မာမာ ယူထားဆဲပါ။ အထောင်အတွက် ဂက်ပို၊ ဒါဝင်၊ ဂျိုတာတို့ ကစားနိုင်ပြီး သူတို့ ၃ ဦးလုံးက ဘယ်ခြမ်းမှာ ဒီယက်ဇ်နည်းတူ ကစားနိုင်ကြပါတယ်။ လိုအပ်လာမယ်ဆိုရင် ဂျိုတာကို ညာခြမ်း သုံးနိုင်ပြီး လူငယ်တန်းမှာတော့ ဗန်ဒုတ် ရှိနေပါတယ်။
လာမယ့်ရာသီ ဖြစ်လာနိုင်ဖွယ် ပွဲထွက်လူစာရင်း
အယ်လီဆန်၊ ရိုဘို၊ ဗန်ဒိုက်၊ ကိုနတေး၊ ထရန့်၊ ဖာဘင်ညို၊ ဂျုံး၊ ကယ်လစ္စတာ၊ ဒီယက်စ်၊ ဂက်ပို၊ ဆာလာ။