ဗန်ဒိုက်ရဲ့ ခေါင်းဆောင်မှုကို ဝေဖန်ကြခြင်း၊ ဗီဂါ ကိစ္စ ချက်ခြင်း ဖြစ်မလာနိုင်၊ ဘာရယ်လာ အံဝင်မလား ဆန်းစစ်သွားဖို့ ရှိသေးခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

ဘောလုံးရာသီအပြီးမှာ လီဗာပူးအသင်းဟာ မက်ကယ်လစ္စတာရဲ့ မိသားစုကို ဆက်သွယ်ခဲ့ပြီး ကစားသမားနဲ့လည်း ဆက်လက် စကားပြောခဲ့တယ်။ ဒါကို သဘောကျခဲ့တဲ့ ကယ်လစ္စတာဟာ နည်းပြကလော့ပ်ထံက အသေးစိတ်ကျတဲ့ ရည်ရွယ်ချက်တွေအကြောင်းပါ ဆွေးနွေးခွင့်ရခဲ့တာမို့ လီဗာပူးထံ ပြောင်းလာဖို့ ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

မေဆန်မောင့်အတွက် ပေါင် ၅၅ သန်း ဖြင့် တတိယမြောက် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန်ကွင်းလယ်လူကို ခေါ်ယူရေး နောက်ဆုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဗီဂါကို ခေါ်ယူရေး လီဗာပူးဘက်က အတော်လေး စိတ်ဝင်စားကာ မေးမြန်းမှုတွေ ရှိခဲ့ပေမယ့် အချိန်ယူရဦးမှာဖြစ်ကာ ချက်ခြင်းဖြစ်လာမယ့် အပြောင်းအရွှေ့ကိစ္စ မဟုတ်ကြောင်း ရိုမန်နိုက ဖော်ပြလာပါတယ်။

ဘော်ဘီဟာ အမြဲတမ်း တည်တည်ငြိမ်ငြိမ်ရှိပြီး ကလပ်အတွက်၊ အသင်းဖော်တွေအတွက် ဆိုရင် ကိုယ်ဘာသာ ရာနှုန်းပြည့် ပေးဆပ်ပြီး စတေးခံဖို့ အသင့်ရှိတာမို့ လီဗာပူးဂန္တဝင်အဖြစ် အားလုံးက အမှတ်ရနေသင့်တယ်လို့ ဆာလာက ထောက်ခံလိုက်ပါတယ်။

နယ်သာလန် ခေါင်းဆောင်တွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဒီဂျောင်းတို့ဟာ ခေါင်းဆောင်နိုင်စွမ်း နည်းပါးသူတွေဖြစ်ကြောင်း ဒတ်ချ်ဂန္တဝင် ဂူလစ်က ထုတ်ဖော် ဝေဖန်ခဲ့ပါတယ်။

တော်တင်ဟမ် စပါးအသင်းကလည်း ဝုဒ်ဘတ်ခံစစ်မှူး ဗန်ဒီဗန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာနေပါတယ်။ လီဗာပူးအသင်းဟာ အန်နာဆီယိုနဲ့ ဗန်ဒီဗန်တို့ကို ဒီနွေ အဓိက ပစ်မှတ်တွေအဖြစ် ရည်ရွယ်ထားပေမယ့် အန်နာဆီယိုအတွက် ယူရို ၆၅ သန်း မပေးနိုင်ပါဘူး။

လီဗာပူးအသင်းက ဘာရယ်လာကို အတော်လေး သဘောကျနေတာပါ။ ဒါပေမယ့်လို့ ကလပ်အတွက် သူက အံဝင်သူ ဖြစ်မလားဆိုတာ မသေချာသေးတာကြောင့် ဆန်းစစ်မှုတွေကို လာမယ့် အပတ်တွေထိ ဆက်လုပ်သွားပါမယ်။

ဒီနွေ အသုံးစရိတ် အထောက်အပံ့ဖြစ်ဖို့ လီဗာပူးအကယ်ဒမီကနေ စျေးကောင်းရမယ့် ကစားသမား နည်းပါးနိုင်ပြီး မော်တန်၊ ဘရတ်ဒလေတို့က ရာသီကြိုမှာ စီနီယာအသင်းနဲ့ ပူးပေါင်းကြဦးမှာပါ။