ဘာလို့ လီဗာပူးကို ပြောင်းဖို့ ရွေးချယ်ခဲ့တာလဲ ရှင်းပြလာတဲ့ ကွင်းလယ်လူ မက်ကယ်လစ္စတာ

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ လက်ရှိ အချိန်ထိ တစ်ခုတည်းသော ခေါ်ယူမှုအဖြစ် အာဂျင်တီးနား ကွင်းလယ်လူ မက်ကယ်လစ္စတာကို လက်မှတ်ထိုးထားပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဟာ ပရီးမီးယားလိဂ်မှာ လူရိုသေခံ ကွင်းလယ်လူဖြစ်ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ စိတ်ဓါတ်၊ ကိုယ်ကျိုးမငဲ့တဲ့ အားထုတ်မှုတွေအပြင် အသင်းဖော်ကောင်း တစ်ဦး၊ ခေါင်းဆောင်တစ်ဦး ဆိုတဲ့ ဂုဏ်ပုဒ်တွေဖြင့် ထင်ရှားခဲ့သူပါ။

လီဗာပူးက သူ့ကို ပေါင် သန်း ၆၀ ဝန်းကျင် ပေးပြီး ခေါ်ယူရမယ်လို့ သတင်းကြီးခဲ့ပေမယ့် ဒီနောက်ပိုင်း သတင်းတွေအရ ပေါင် ၃၅ သန်းပဲ ပေးရတယ်လို့ ဆိုကြပါတယ်။ ပြောင်းရွှေ့ကြေး ဆိုတာထက် ဘာကြောင့် လီဗာပူးကို ရွေးရသလဲ ကယ်လစ္စတာက အခုလို ရှင်းပြပါတယ်။

မက်ကယ်လစ္စတာက ” ဘောလုံးရာသီပြီးတော့ ကျနော် နည်းပြကလော့ပ်နဲ့ စကားပြောခွင့်ရခဲ့တယ်။ သူက ကလပ်အကြောင်း၊ လီဗာပူးမြို့အကြောင်းနဲ့ သူဘာလိုချင်တယ် ဆိုတာကို ပြောခဲ့ပါတယ်။

အရေးကြီးဆုံး ပထမအကြိမ်ပါပဲ။ လီဗာပူးဘက်က ကျနော်မိသားစုနဲ့ ဆက်သွယ်တယ်၊ ကျနော်ကို ဆက်သွယ်တယ်၊ သူတို့က ကျနော်ကို တကယ် ခေါ်ယူချင်ခဲ့ပါတယ်။ နည်းပြနဲ့ စကားပြောကြည့်တော့ အခြေအနေ ပိုရှင်းသွားတာပေါ့။ ဒီလို အသေးစိတ်ကျတဲ့ ကိစ္စတွေကြောင့်ပဲ လီဗာပူးကို ပြောင်းဖို့ ရွေးချယ်ခဲ့တာပါ။

ဒါက ကိုယ်ကစားသမားဘဝအတွက် မှန်ကန်တဲ့ ခြေလှမ်းပဲလို့ ခံစားမိခဲ့တယ်။ ကလော့ပ်က ကောင်တာတိုက်စစ်ကို အရမ်းကစားတာ ကျနော်တို့ အားလုံး သိပါတယ်။ ဒါပေမယ့် ဒီနှစ်တွေမှာ သူ့ရဲ့ ကစားဟန်က အနည်းငယ် ပြောင်းလဲလာတယ်။

နည်းပြက လိုင်းတွေကြားမှာ ကစားဖို့ သူကစားသမားတွေ လိုချင်တယ်၊ အောင်နိုင်လိုတဲ့ စိတ်ဓါတ်ပိုင်ရှင်တွေ လိုချင်တယ်လို့ ကျနော်ကို ရှင်းပြခဲတယ်။ ကျနော်မှာက ဒီလိုစိတ်ဓါတ် အမြဲရှိပါတယ်။ ကမ္ဘာ့ဖလားပြီးတော့ ပိုပြင်းထန်လာတာပေါ့ဗျာ။

ကျနော် ဆုဖလားတွေ အနိုင်ရချင်တယ်။ ဒါက လီဗာပူးမှာရှိတဲ့ ရည်မှန်းချက်နဲ့ ကျနော်ရဲ့ ရည်မှန်းချက်ပဲ။ လီဗာပူးဆိုတာ ဘောလုံးကမ္ဘာနဲ့ ဥရောပရဲ့ အကြီးကျယ်ဆုံး အသင်းတွေထဲက တစ်သင်းပဲလေ။ ဒါကို သမိုင်းတစ်လျှောက် သူတို့ လုပ်ပြခဲ့တာပဲ။

ပရိသတ်တွေကလည်း ပွဲတိုင်းလိုလို သူတို့ဘာဆိုတာ ပြသထားတယ်။ သမိုင်းက စကားပြောပါတယ်။ လီဗာပူးက ကစားသမားကောင်းတွေ၊ နည်းပြကောင်းတွေနဲ့ အသင်းတစ်သင်းပါ။ စချိတ်ကတည်းက သူတို့က ကျနော်ကို အရမ်း ရချင်တယ်ဆိုတာ ပြသခဲ့ပါတယ် ” လို့ ရှင်းပြသွားတာ ဖြစ်ပါတယ်။

လီဗာပူးအဝတ်လဲခန်းကို ဝင်ရောက်လာမယ့် ကမ္ဘာ့ဖလား ချန်ပီယံဟာ အသင်းအတွက် ဘယ်လို ပြင်းပြတဲ့ စိတ်ဆန္ဒ ထက်သန်မှုတွေကို ယူဆောင်လာမလဲ အသင်းပရိသတ်တွေလည်း အတော်လေး ရင်ခုန်နေကြမှာ ဖြစ်ပါတယ်။