လီဗာပူး ဘာလုပ်နေတာလဲ? ဗီဂါကို ခေါ်မယ် သတင်းထွက်ပေမယ့် မကမ်းလှမ်းသေးသလို ရာသီကြိုမှာ မြင်ရမယ့် လူသစ်က မက်ကယ်လစ္စတာ တစ်ဦးတည်း ရှိပါတယ်

လီဗာပူးအသင်းဟာ ဆယ်တာဗီဂို ကွင်းလယ်လူ ဂါဘရီ ဗီဂါကို ခေါ်ယူမယ်လို့ သတင်းကြီးတွေ ထွက်ထားပေမယ့် အခုချိန်ထိ ကမ်းလှမ်းမှု မရှိသေးသလို လူငယ်ကြယ်ပွင့် ကာဗာရိုကို နောက်အပတ်ထဲ ဆဲလ်တစ်အသင်းထံ အငှားချတော့မှာပါ။

ဒီနွေမှာ ကွင်းလယ် ပြန်တည်ဆောက်မှု ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ယာဂင်ကလော့ပ်ဟာ စျေးကွက် အစောပိုင်းမှာ ဘရိုက်တန်မှ မက်ကယ်လစ္စတာကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူခဲ့ပေမယ့်လို့ နောက်ထပ် လက်မှတ်ထိုးမှုတွေ ဖြစ်ပေါ်လာခြင်း မရှိသေးပါဘူး။

မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်နဲ့ ဂျူဗင်တပ်ကနေ အငှားဖြင့် ခေါ်ယူထားတဲ့ အာသာကို လက်လွတ်အပြီး မက်ကယ်လစ္စတာ တစ်ဦးလောက်နဲ့ ကျေနပ်နေတဲ့ လီဗာပူးအသင်းဟာ လာမယ့်ရာသီအတွက် အာဆင်နယ်၊ မန်စီးတီးတို့လောက် ရည်မှန်းချက် မကြီးမားတော့ဘူးလား မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

ကုန်ခဲ့တဲ့နှစ်အတွင်း မန်စီးတီးရဲ့ အဓိက ပြိုင်ဘက်အဖြစ် အင်္ဂလန်လိဂ် အကောင်းဆုံး ၂ သင်းထဲ ပါဝင်ခဲ့တဲ့ လီဗာပူးမှာ လိုအပ်ချက်တွေ များလွန်းနေပါတယ်။ ၂၁ နှစ် အရွယ် ဗီဂါက လီဗာပူးကို ဖလားစိန်ခေါ်သူ အနေအထားထံ ပြန်ပို့ပေးနိုင်မယ့်သူလို့ မဆိုလိုပေမယ့် အခုချိန်ထိတော့ မာဆေးဆိုဒ်ကလပ်ရဲ့ နွေပလန်တွေက အားရစရာ မရှိပါဘူး။

တိုက်စစ်မှာ ဆာလာ၊ ဂက်ပို၊ ဒါဝင်၊ ဒီယက်စ်နဲ့ ဂျိုတာတို့ ရှိနေတာကြောင့် တောင့်တင်းနေပေမယ့် ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာ လူအင်အားဖြည့်တင်းရဖို့ ရှိနေတာပါ။ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မရခြင်းဟာ လီဗာပူးရဲ့ ကစားသမား ခေါ်ယူရေးတွေကို အနည်းနဲ့အများ ထိခိုက်စေခဲ့ပါတယ်။

စျေးကွက်က ကာလအရှည်ကြီး ကျန်သေးတာမို့ လီဗာပူးရဲ့ နောက်ထပ် ခေါ်ယူမှုတွေကို မြင်ရမှာ သေချာပေမယ့် ဒီနှုန်းတိုင်းဆိုရင် ရာသီကြို ပြင်ဆင်ချိန်မှာ ကစားသမားသစ်အဖြစ် ကယ်လစ္စတာ တစ်ဦးတည်း ပူးပေါင်းလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။