လီဗာပူးအသင်းဟာ စီးရီးအေကလပ် အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေတာလို့ အီတလီသတင်းတွေက ဆိုပါတယ်။
နောက်နှစ် ဖေဖော်ဝါရီမှာ အသက် ၂၇ နှစ်ပြည့်မယ့် အီတလီလက်ရွေးစင် ဘာရယ်လာဟာ ဥရောပ ထိပ်တန်းအဆင့် ပြိုင်ပွဲတွေမှာ သက်သေပြပြီး ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဒီနွေမှာ သူ့ကို ခေါ်ယူနိုင်ရင် အကျိုးကြီးဖြစ်နိုင်တာကိုလည်း ဂျရတ်နဲ့ ကာရေဂါတို့က အသင်းကို ထောက်ပြထားခဲ့တယ်။
ဒီတလော အီတလီသတင်းရဲ့ အာဘော်တွေအတိုင်း ဖော်ပြရမယ်ဆိုရင် လီဗာပူးဘက်က ဘာရယ်လာကို သဘောကျတာ ကာလတစ်ခု ရှိနေပါပြီ။ ဒီနှစ် အစောပိုင်းတည်းက အင်တာမီလန် ပွဲတွေက တစ်ဆင့် ဘာရယ်လာရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ လီဗာပူးအသင်းဘက်က ကင်းထောက်တွေကို ပုံမှန် စေလွှတ်ခဲ့ပါတယ်။
ကွင်းလယ် ပြန်တည်ဆောက်ရေး ကိစ္စမှာ ဘယ်လင်ဟမ်ကို မခေါ်ယူနိုင်ခဲ့တဲ့ လီဗာပူးဟာ ဘာရယ်လာကို အဓိက ပစ်မှတ်အဖြစ် ချိတ်ဆက်ဖို့ ရည်မှန်းထားပါတယ်။ ဒီအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ပေးရနိုင်တယ်လို့ အီတလီ သတင်းတွေက ဆိုလာကြပါတယ်။
တကယ်တမ်းမှာ လီဗာပူးဘက်က ဘာရယ်လာကို စတင် ခြေရာခံခဲ့တာက ဒီနှစ်စ ဆိုတာထက် ကယ်ဂလီယာရီ အသင်းမှာတည်းကလို့ ပြောရပါမယ်။ အဲ့ကတည်းက လီဗာပူးဘက်က သူ့ကို ကင်းထောက်နေခဲ့တဲ့ သက်သေတွေ ရှိပါတယ်။ ကလော့ပ်နဲ့ ပပ်လင်ဒါးတို့က ဘာရယ်လာကို အတော်လေး ကြိုက်ကြပါတယ်။
ဒီနွေမှာ လီဗာပူးက ဘာရယ်လာကို ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအပြောင်းအရွှေ့ကို ‘Hard Deal’ လို့ ရိုမန်နိုလို အပြောင်းအရွှေ့ သတင်းထောက်ကော နာမည်ကြီး အင်္ဂလန် သတင်းထောက်တွေကပါ သုံးသပ်ပါတယ်။
အီတလီလိဂ်က ကစားသမား တစ်ဦးကို လီဗာပူးဘက်က ပေါင် သန်း ၅၀ ထက် ပိုပေးပြီး မခေါ်လိုပါဘူး။ သူ့အသက်အရွယ်နဲ့ဆိုရင် လီဗာပူးဘက်က ပေးမှာက အဲ့လောက်ဟာ မိုင်ကုန်ပါပဲ။ ဒါပေမယ့် အင်တာဘက်ကတော့ သူတို့ ကြယ်ပွင့်အတွက် ပေါင် သန်း ၇၀-၈၀ လောက်ထိ လိုချင်ပါတယ်။
ဘာရယ်လာဘက်ကို လီဗာပူးလက်က တီးခေါက်ကြည့်ခဲ့ရာမှာ အီတလီသားက အင်တာမီလန်မှာ ပျော်ရွှင်နေပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်ရေးပိုင်း ညိနှိုင်းရာမှာလည်း ခက်ခဲမယ့် အခြေအနေ ဖြစ်ပါတယ်။ လီဗာပူးဘက်က ရှေ့ဆက်တိုးဦးမလား စောင့်ကြည့်ရမှာပါ။
ကွင်းလယ်အတွက် မက်ကယ်လစ္စတာ ရထားသလို သူရမ်နဲ့လည်း ယူရို ပြိုင်ပွဲအပြီးမှာ အကောင်းမြင်စရာ အခြေအနေတွေ ထွက်လာမှာမို့ လီဗာပူးဘက်က ဘာရယ်လာကို မရမဖြစ်လို့တော့ ချိန်ရွယ်ဖွယ် မရှိသေးပါဘူး။