

၂၀၂၀ နွေမှာ အန်ဖီးကို ပြောင်းလာခဲ့တဲ့ ဂျိုတာဟာ ချန်ပီယံလိဂ်မှာ လီဗာပူးအသင်းနဲ့အတူ ရီးရဲလ်မက်ဒရစ်အား ၃ ကြိမ် ရင်ဆိုင်ဖူးပြီး ၃ ကြိမ်လုံး ရှုံးနိမ့်ခဲ့ပါတယ်။
လာမယ့်ရာသီမှာတော့ လီဗာပူးဟာ မတူညီတဲ့ ဥရောပပြိုင်ပွဲအဖြစ် ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်ရမှာမို့ ရီးရဲလ်နဲ့ ထိပ်တိုက်တွေ့ဖွယ် မရှိတော့ပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ရီးရဲလ်က တတိယပဲ ရမယ်ဆိုရင် ယူရိုပါလိဂ်ထံ ဆင်းကစားရနိုင်ချေ ရှိနေသေးတာ ဖြစ်ပါတယ်။
FourFourTwo မဂ္ဂဇင်းကနေ ဂျိုတာကတော့ “ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တတိယနေရာ ယူပြီး ယူရိုပါလိဂ်ကို ရောက်လာနိုင်နေဆဲပါ။ ကျနော် လီဗာပူးကို ပြောင်းလာကတည်းက ရီးရဲလ် ဖြုတ်ချတာကိုပဲ ခံနေခဲ့ရတယ်။ ယူရိုပါလိဂ်ကို သူတို့ ရောက်မလာဖို့ မျှော်လင့်ပါတယ် ” ပြောခဲ့ပါတယ်။
လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကို အနိုင်ရဖို့ ရေပန်းစား အသင်းတွေထဲမှာ လီဗာပူးလည်း ပါဝင်နေပါတယ်။ လီဗာပူးပရိသတ်တွေက ၅ ရာသီအတွင်း ဖိုင်နယ် ၃ ကြိမ် တက်ရောက်ခဲ့တဲ့ ချန်ပီယံလိဂ်ထက် တစ်ဆင့်နိမ့်တဲ့ ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်ရတာကို သိမ်ငယ်တယ်လို့ ခံစားနေကြတာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ယူရိုပါလိဂ်ဟာ ဥရောပရဲ့ သိက္ခာရှိ ပြိုင်ပွဲကြီးတစ်ရပ် ဖြစ်သလို အနိုင်ရဖို့ ခက်ခဲနေဆဲလို့ ဂျိုတာက မြင်ပါတယ်။
“ ဝုဗ်အသင်းနဲ့အတူ ယူရိုပါလိဂ်မှာ ကျနော် ကစားခဲ့ပါတယ်။ ပရိသတ်တွေက ချန်ပီယံလိဂ်မှာ နှစ်တိုင်း ပါဝင် ယှဉ်ပြိုင်နေတာကို အသားကျနေတာမို့ ယူရိုပါလိဂ် ယှဉ်ပြိုင်ရတာက နိမ့်ပါးမှုလို့ ခံစားကြရမှာပါ။ ဒါကလည်း ဂုဏ်သိက္ခာရှိတဲ့ ပြိုင်ပွဲကြီး တစ်ခုပါပဲ၊ ကျနော်တို့ ကိုယ့်ရဲ့ အကောင်းဆုံးတွေကို ပေးဆပ်ရမှာပါ ” လို့ ဂျိုတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။