အန်ဖီးအားပေးမှုက ပရီးမီးယားလိဂ်မှာ ကြောက်ဖို့ အကောင်းဆုံးလို့ တင်စားခဲ့တဲ့ အာဆင်နယ် အသင်းသား

အာဆင်နယ် ခံစစ်သမား ဟိုးဒင်းက အန်ဖီးအားပေးမှုဟာ ပရီးမီးယားလိဂ်မှာ ကြောက်စရာ အကောင်းဆုံးအဖြစ် ညွှန်းဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ခဲ့တဲ့ အာဆင်နယ်ဟာ ဆုဖလား အနိုင်ရဖို့ အတော်လေး နီးစပ်တဲ့ အခြေအနေကနေ ဒုတိယရာသီဝက်မှာ ခြေချော်ခဲ့တာပါ။ ၎င်းတို့ရဲ့ ကျဆင်းမှု စတင်ခဲ့တာကတော့ အန်ဖီးမှာ လီဗာပူးကို ၂-၀ ဖြင့် အနိုင်ရပြီးမှ ဆာလာ၊ ဖာမင်နိုရဲ့ဂိုးတွေဖြင့် ၂-၂ သရေကျခဲ့တဲ့ပွဲပဲ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ လီဗာပူး အသင်းသားတွေဟာ သိမ်ငယ်တဲ့ ခြေစွမ်းတွေနဲ့အတူ အာဆင်နယ်ရဲ့ ဦးဆောင်မှုတွေကို ခွင့်ပြုခဲ့ရတာပါ။ အန်ဖီးဟာ အသင်းသားတွေရဲ့ ရုန်းကန်ရတဲ့ ခြေစွမ်းကို နာကျင်စွာ ကြည့်နေခဲ့ရပေမယ့် ထရန့်နဲ့ ရှာကာတို့ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့အပြီးမှာ အန်ဖီးရဲ့ ဒေါသက ပွဲအဖြေကို ပြောင်းလဲစေခဲ့ပါတယ်။

ဟိုးဒင်းက ” ပရီးမီးယားလိဂ်မှာ အန်ဖီးက အကောင်းဆုံး အားပေးမှုတွေ ရှိတယ်ဆိုတာ သေချာပါတယ်။ ကျနော်တို့ ၂-၀ နဲ့ အသာရထားတာဗျာ။ ရုတ်တရတ် သူတို့ ပရိသတ်တွေက ပေါက်ကွဲမှုတွေနဲ့အတူ သူတို့အသင်းကို ထမ်းတင်ပေးတော့တာပဲ။

သူတို့ ကစားသမားတွေ ဘယ်လောက်တောင် အားတက်သွားလဲ ခင်ဗျားတို့ မြင်ကြမှာပါ။ လီဗာပူး ကစားသမားတွေ ကြည့်ရတာ အရပ်တွေ ပိုမြင့်ပြီး ပြေးတာတွေ ပိုတောင် မြန်လာသလိုပဲ။ အန်ဖီးဟာ အနိုင် ၃ မှတ် ယူဖို့အတွက် အတော်လေးကို ခက်ခဲ ကြမ်းတမ်းလွန်းတဲ့ နေရာပါ။

ကျနော်တို့ နိုင်ခဲ့သင့်တာပါ။ သူတို့ပရိသတ်တွေက ဂိုးတွေရဖို့ အထောက်အပံ့ ဖြစ်စေခဲ့ကြတယ်။ ဒီခွန်အားတွေ၊ ဒီဖိအားတွေကို ဖြစ်လာခဲ့ပြီး ကျော်ဖြတ်ဖို့ရာ ခက်ခဲခဲ့ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲ နောက်ဆုံးမိနစ်မှာ လီဗာပူးက ဂိုးရဖို့ နီးစပ်ခဲ့သလို အာဆင်နယ်ကလည်း ဂိုးရနိုင်မယ့် အခိုက်အတန့် ရှိခဲ့သေးပေမယ့် ၂-၂ ဖြင့်ပဲ ပွဲသိမ်းခဲ့တာ ဖြစ်ပါတယ်။