နက်ဖီးလစ်အတွက် လီဗာပူးဘက်က စျေးသတ်မှတ်၊ ဒီနွေမှာ ကစားသမား ရောင်းချမှုကနေ ပြောင်းရွှေ့ကြေး အများကြီးရမည် မဟုတ်

လီဗာပူးအသင်းဟာ ဒီနွေမှာ နက်ဖီးလစ်ကို ရောင်းထုတ်ဖို့ ထပ်မံ ကြိုးစားမှာဖြစ်ပြီး သူ့ကို အလိုရှိတဲ့ အင်္ဂလန်ကလပ် ထွက်ပေါ်လာနေပါပြီ။

ကုန်ခဲ့တဲ့ ၂ ရာသီတည်းက လီဗာပူးအသင်းက နက်ဖီးလစ်ကို ရောင်းထုတ်ဖို့ ကြိုးစားပေမယ့် အခြားသော ခံစစ်မှူးတွေ ဒဏ်ရာရချိန်နဲ့ တိုက်ဆိုင်နေခြင်းကြောင့် ဆက်ထိန်းထားခဲ့ရတာပါ။ အရေးပေါ် အရံကစားသမားအဖြစ် အမြဲရှိနေခဲ့တဲ့ နက်ဖီးလစ်ဟာ ဒီနွေမှာတော့ သေချာပေါက် ထွက်ခွာနိုင်ဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ စျေးကွက်တွေမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်၊ စီးရီးအေနဲ့ ဘွန်ဒက်လီဂါ ကလပ်တွေက နက်ဖီးလစ်ကို ချိတ်ဆက်မှု ရှိခဲ့ပါတယ်။ ဒါပေမယ့် ပေါင် ၁၅ သန်းထိ ရောက်နိုင်တဲ့ ပမာဏမျိုး ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး။ ဇန်နဝါရီတုန်းကလည်း သူ့အတွက် ပေါင် ၇ သန်းတန် ကမ်းလှမ်းမှုကို လီဗာပူးအသင်း ရရှိခဲ့ပါသေးတယ်။

အသက် ၂၆ နှစ်ရှိနေပြီဖြစ်တဲ့ နက်ဖီးလစ်ကို ဒီနွေမှာ စတင်ကမ်းလှမ်းလာတာက ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်ဖြစ်ပါတယ်။ လီဗာပူးဘက်က ပေါင် ၁၀ သန်း ဝန်းကျင်ရရင် လက်လွတ်မယ်လို့ စျေးသတ်မှတ်ပေးထားပြီး ညိနှိုင်းမှု ပြုလုပ်ကြဖွယ် ရှိပါတယ်။

သတင်းထောက် ဂျိမ်းပီယာဇ့်ကတော့ လက်ရှိ စျေးကွက်မှာ လီဗာပူးကနေ စျေးအများဆုံး ရောင်းချနိုင်မယ့် ကစားသမားက ဂိုးသမား ကလယ်ဟာဖြစ်ပြီး ပေါင် သန်း ၂၀ ဝန်းကျင် တန်ကြေးရှိတယ်လို့ သိရတယ်။ ဒါပေမယ့် ကလယ်ဟာကို အယ်လီဆန်ရဲ့ အရံအဖြစ် ထိန်းထားဖို့ပဲ လီဗာပူးဘက်က ဆုံးဖြတ်ထားပါတယ်။

နွေအပြောင်းအရွှေ့အတွင်း လီဗာပူးအသင်းရဲ့ ကစားသမား ရောင်းချမှုကနေ ငွေကြေး ရှာဖွေမှုဟာ အတော်လေး နည်းပါနိုင်ပြီး ကွင်းလယ်လူ မော်တန်၊ ညာအစွန်လူ ဘရတ်ဒလေတို့ကို စိတ်ဝင်စားနေတဲ့ ကလပ်တွေတော့ ရှိလာနေပြီ ဖြစ်ပါတယ်။