လီဗာပူး ညာအစွန်လူဟောင်း ဂလင်းဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ရာသီ သူ မြင်ခဲ့ရတဲ့ ကစားသမားတွေထဲက မျှော်လင့်စရာ အကောင်းဆုံး အဖြစ် ဒါဝင် နူညက်ကို ရွေးချယ်ခဲ့ပြီး တိုက်စစ်မှူးဟာ အနာဂတ်မှာ တောက်ပလာနိုင်သူလို့ ဟောကိန်းထုတ်လိုက်ပါတယ်။
နူညက်ဟာ မနှစ်က နွေရာသီမှာ ဘင်ဖီကာကနေ ပြောင်းလာပြီးနောက် လီဗာပူးအတွက် ၁၅ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်ပြီး ကြံ့ခိုင်မှုကောင်းစွာ၊ လျှင်မြန်စွာ ပြေးလွှားနိုင်တဲ့ သူ့ရဲ့ကစားပုံဟာ ပရီးမီးယားလိဂ်နဲ့ လုံးဝကို အံကိုက်ဖြစ်မယ်လို့ ယူဆခံထားရတယ်။
နူညက်ဟာ ပုံမှန်ခြိမ်းခြောက်မှုပေးနိုင်သူဖြစ်ပြီး တကိုယ်ကောင်းမဆန်ပဲ အသင်းဖော်တွေအတွက် နေရာလွတ်တွေ ဖန်တီးပေးတတ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဆုံးသတ်မှုတွေနဲ့ အခွင့်အရေးတွေကို အသုံးချမှုပိုင်းကတော့ အတော်လေး ဝေဖန်စရာ ဖြစ်ထားပါတယ်။
ဒီရာသီမှာ အထင်အကြီးမိဆုံး လီဗာပူးကစားသမားက ဘယ်သူလဲလို့ မေးမြန်းခဲ့တဲ့အခါမှာ ဂျွန်ဆင်က
“ နူညက်လို့ ပြောရမယ် ထင်တယ်။ ပွင့်ပွင်းလင်းလင်း ပြောရရင် ကောင်းတယ်လို့ မြင်ရပေမယ့် နည်းနည်းလေး စိတ်ပျက်စရာဘက် ရောက်သွားတဲ့ ကစားသမားမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် နူညက်ကတော့ အကောင်းမြင်စရာလို့ ထင်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း လီဗာပူး လုပ်ခဲ့တဲ့အတိုင်းပါပဲ။ သူတို့ ဝယ်လိုက်တဲ့ ကစားသမားတွေက သူတို့ခေါ်တဲ့အချိန်မှာ နာမည်အကြီးဆုံး၊ အကျော်ကြားဆုံး မဟုတ်ပေမယ့် တိုးတက်လာမယ့် လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ယုံကြည်ရလောက်သူတွေပါ။
လီဗာပူးက အဲ့လို ခေါ်ယူမှုမျိုးတွေ ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ထင်ပါတယ်။ နူညက်လည်း တစ်ယောက် အပါအဝင်ပေါ့။ လူးဝစ်ဒီယက်ဇ်ရောပါပဲ။ နူညက်က အကောင်းဆုံး လုပ်ပြခဲ့ပြီး နောက်လာမယ့်နှစ်တွေမှာ သူက ကြီးကျယ်တဲ့ ကစားသမားတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။
ဒါဝင် နူညက်ကို ကြည့်ရတာ ပရီးမီးယားလိဂ်မှာ တကယ် ပျော်ရွှင်နေပြီး ဒီက ကစားပုံနဲ့လည်း လိုက်ဖက်ညီပါတယ်” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါဝင်ဟာ တိုက်စစ်ကြောင်းရဲ့ ဘယ်နေရာမှာမဆို ကစားနိုင်ပေမယ့် ဘယ်တောင်ပံ ဒါမှမဟုတ် နံပါတ် ၉ နေရာမှာ အများဆုံး ပွဲထွက်ထားတာ ဖြစ်ပါတယ်။