ကမ္ဘာ့အကြီးဆုံး အားကစားအင်ပါယာ ပိုင်ရှင်တွေ လီဗာပူးအသင်းထံ ရင်းနှီးမြုပ်နှံမှု ဝင်ဖွယ်ရှိ

လီဗာပူးပိုင်ရှင်အဖွဲ့ FSG ဟာ နိုဝင်ဘာမှာတည်းက ရင်းနှီးမြုပ်နှံသူတွေ ရှာဖွေမယ်လို့ ကြေညာခဲ့ပြီး စိတ်ဝင်စားတဲ့ အဖွဲ့ကြီးတွေနဲ့ ချိတ်ဆက်မိနေပြီလို့ ယုံကြည်ရပါတယ်။

အစောပိုင်းမှာ လီဗာပူးအသင်းကို အပြီးသတ် ရောင်းချဖို့ ကြိုးစားတာလို့ ယူဆခဲ့ကြပေမယ့် FSG ဟာ ရှယ်ယာရှင်တွေ ခေါ်ယူဖို့ကိုပဲ အလိုရှိခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နဲ့ လက်တွဲသွားဖို့ ရေပန်းအစားဆုံး ဖြစ်လာတာကတော့ Liberty Media ပဲ ဖြစ်ပါတယ်။

2023 အခုနှစ်အတွက် ကမ္ဘာကျော် Forbes မဂ္ဂဇင်းက The World’s Most Valuable Sports Empires ဆိုတဲ့ စစ်တမ်းကို ဖော်ပြလာခဲ့ရာမှာ နံပါတ် ၁ နေရာမှာ ရှိခဲ့တာက ဒေါ်လာ ၂၀ ဘီလျံ တန်ကြေးရှိတဲ့ Liberty Media ပဲဖြစ်ပါတယ်။ ဒါဟာ နံပါတ် ၄ နေရာက FSG ထက် ၂ ဆနီးပါး တန်ကြေးရှိတာ ဖြစ်ပါတယ်။

ဖော်မြူလာ ဝမ်း၊ SiriusXM radio နဲ့ မေဂျာလိဂ် ဘေ့စ်ဘောအသင်းဖြစ်တဲ့ Atlanta Braves တို့ရဲ့ ပိုင်ရှင်လည်းဖြစ်တဲ့ Liberty Media အဖွဲ့ရဲ့ အမှုဆောင်ချုပ်ဖြစ်သူ Greg Maffei က သူတို့ဟာ ပရီးမီးယားလိဂ်ထဲ ဝင်ရောက်မယ်လို့ အတည်ပြုပါတယ်။

၎င်းတို့ကတော့ သူတို့ပိုင် အခြားသော အားကစားအဖွဲ့တွေလို စီမံအုပ်ချုပ်နိုင်မယ့် ကလပ်မျိုးမှာ ရင်းနှီးမြုပ်နှံမှု ပြုလုပ်မှာပါ။ ဒီအတွက် အမေရိကန်ပိုင်ရှင်တွေ ဆယ်စုနှစ်ကြာ ပိုင်ဆိုင်လာတဲ့ လီဗာပူးက ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်လာဖို့ ရှိပါတယ်။

ဒီအခြေအနေထိ လီဗာပူးအသင်းဟာ FSG ရဲ့ ထောက်ပံ့မှုကို အားပြုနေရခြင်း မရှိဘဲ ကိုယ်ပိုင် ရပ်တည်မှုဖြင့် ကျော်ဖြတ်လာနေတာဖြစ်ပါတယ်။ အဓိက ပွဲကြည့်စင်၊ အက်တာလေ့ကျင့်ရေးနဲ့ Anfield Road တို့အတွက် ကုန်ကျတဲ့ ပေါင် သန်း ၂၅၀ အတွက် FSG ရဲ့ ချေးငွေကိုလည်း လီဗာပူးဘက်က ပြန်ပေးဆပ်ထားပါတယ်။

ဒါကြောင့် Liberty Media ဘက်က လီဗာပူးအသင်းထံ ရင်းနှီးမြုပ်နှံမှု ဝင်မယ်ဆိုရင် ဘဏ္ဍာရေးပိုင်း အရှုပ်အရှင်းကင်းတဲ့ ကလပ်မျိုးကို ပူးတွဲပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။