NEWS: ဘာရယ်လာကို လီဗာပူး တကယ် စိတ်ဝင်စားနေပေမယ့် ဘာက အဟန့်အတား ဖြစ်နေသလဲ

လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ ကွင်းလယ်လူ အချို့ကို ချိတ်ဆက်နေခဲ့ပြီး သတင်းထွက်လာတဲ့ ကစားသမားတွေ ရှိသလို တိတ်တဆိတ် ဆွေးနွေးကြသူတွေလည်း ရှိနေပါတယ်။

အဲ့ထဲက အီတလီသတင်းတွေမှာ ဖော်ပြနေတဲ့ လီဗာပူးက ဘာရယ်လာကို ခေါ်ယူလိုနေတယ် ဆိုတဲ့ ကိစ္စဟာ မှန်ကန်နေပါတယ်။ ဩဇာရှိ လီဗာပူးသတင်းထောက် Paul Joyce က The Times သတင်းကနေ ဘာရယ်လာကို ကလော့ပ်တို့ လိုချင်နေတယ်လို့ ဖော်ထုတ်သွားပါတယ်။

” အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာကို လီဗာပူးဘက်က အထင်ကြီးပါတယ်။ သူက အင်တာကနေ ထွက်ဖို့ မလောပါဘူး။ အင်တာရဲ့ ဒါဘီပြိုင်ဘက် အေစီမီလန်ဟာ သူတို့ အသင်းခေါင်းဆောင် တိုနယ်လီကို ပေါင် ၅၂ သန်းနဲ့ နယူးကာဆယ် အသင်းထံ ရောင်းချထားပါတယ်။

အင်တာမီလန်ကကတော့ ဘာရယ်လာဟာ တိုနယ်လီထက် ပိုပြီး တန်ကြေးကြီးတဲ့ ကစားသမားဖြစ်တယ်လို့ ယုံကြည်နေပါတယ် ” ဆိုပြီး Paul Joyce က ဖော်ပြလာတာပါ။

လီဗာပူးအသင်းဟာ ဘာရယ်လာအတွက် အင်တာမီလန် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကြီးမျိုး ပေးမှာ မဟုတ်ပါဘူး။ ကလပ်ကတော့ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူအတွက် ပေါင် သန်း ၅၀ ထက် ပိုပေးရမယ်ဆိုရင် စျေးကြီးတယ်လို့ ယူဆထားတာဖြစ်ပါတယ်။