နယူးကာဆယ်နဲ့ ချန်ပီယံလိဂ် ကစားဖို့ထက် ကလော့ပ်ရဲ့ အသင်းနဲ့အတူ ယူရိုပါလိဂ်မှာ ပြိုင်လိုတဲ့ ဆိုဘိုစလိုက်

လီဗာပူးနဲ့ ဆိုဘိုစလိုက်ကြား အပြောင်းအရွှေ့ ကိစ္စကို The Athletic သတင်းထောက် David Ornstein က ဖော်ပြပြီးနောက်မှာ အမျိုးမျိုးသော သတင်းတွေ ထွက်ပေါ်လာပါတယ်။

Ornstein ကတော့ လီဗာပူးဟာ ဆိုဘိုစလို်က်ကို ခေါ်ယူဖို့ အတော်လေး စဉ်းစားနေကြောင်းနဲ့တကွ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ရေးဟာ ခက်ခဲတဲ့ စိတ်ခေါ်မှုဖြစ်ပြီး ရှုပ်ထွေးမှုတွေ ရှိနေတာကိုလည်း နားလည်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲ့နောက်ပိုင်းမှာ လိုက်ဇစ်သတင်းဌာန Leipziger Volkszeitung ရဲ့ အကြီးတန်း သတင်းထောက်ဖြစ်သူ Guido Schafer ကတော့ ကစားသမားဘက်က အပြောင်းအရွှေ့ကို လိုလားနေကြောင်း ထုတ်ပြောလာတယ်။ ဒါ့အပြင် နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းပက်ခ်ထက် အန်ဖီးထံ ပြောင်းရဖို့ကို ကစားသမားက ဆန္ဒရှိတယ်လို့ သူက ဆိုပါတယ်။

လီဗာပူး ဝဘ်ဆိုဒ် The Anfield Wrap နဲ့ အပြောင်းအရွှေ့ကိစ္စ စကားပြောမှုမှာ Schafer က “ နယူးကာဆယ်နဲ့ ချန်ပီယံလိဂ် ကန်မလား၊ ယာဂင်ကလော့ပ်နဲ့ လက်တွဲမလားဆိုရင် ဆိုဘိုစလိုက်က ကလော့ပ်နဲ့အတူ ယူရိုပါလိဂ်မှာပဲ ဝင်ပြိုင်ဖို့ ရွေးချယ်ပါလိမ့်မယ်။

လီဗာပူးက သိပ်ကောင်းတဲ့ကလပ်၊ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာလည်းရှိတယ်။ ကျနော်ကတော့ သူက လီဗာပူးကိုပဲ ပြောင်းလိုနေတာ သိပ်သေချာပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဆိုဘိုစလိုက်ရဲ့ အပြောင်းအရွှေ့ ကိစ္စမှာ အတားအဆီးဖြစ်နေတာက ဘဏ္ဍာရေး အခြေအနေဖြစ်ကြောင်း Schafer က ပြောခဲ့ပြီး ” လီဗာပူးက အသုံးစရိတ် ထုတ်ပါ့မလား?” လို့ မေးခွန်းထုတ်ခဲ့တယ်။

ကစားသမားရဲ့ စာချုပ်ပါကြေးဟာ ယူရို သန်း ၇၀ ဖြစ်ပြီး ဇူလိုင်လ အစမှာတော့ အဆိုပါ အချက်ဟာ ပါဝင်သွားတော့မှာ မဟုတ်ဘဲ နောက်တစ်ကြိမ်အားဖြင့် ဆောင်းရာသီစျေးကွက်မှာ ပြန်လည် အသက်ဝင်မှာ ဖြစ်ပါတယ်။