NEWS: ဒီညမှာ သန်း ၆၀ ဖြင့် ခေါ်ယူခွင့် စာချုပ်ပါအချက် ပျယ်ပြယ်ဖို့ရှိပေမယ့် စျေးပိုကြီးသွားမယ့် ဆိုဘိုစလိုက်

လိုက်ဇစ်အသင်းဟာ သူတို့ ကွင်းလယ်လူ ဆိုဘိုစလိုက်အတွက် လီဗာပူးနဲ့ နယူးကာဆယ်တို့ အပြိုင်အဆိုင် ချိန်ဆက်လာတော့မယ့် အရေးကို ရင်ဆိုင်နေရပါပြီလို့ The Times သတင်းထောက် Paul Joyce က ဖော်ပြလာပါတယ်။

စာချုပ်ပါအချက်အရ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူအတွက် ပေါင် သန်း ၆၀ ပေးရင် ခေါ်ယူခွင့်ရမယ်ဆိုတဲ့ သဘောတူညီမှုက ဒီနေ့ပြီးရင် ပျက်ပြယ်ပြီဖြစ်ပါတယ်။ ဒီည deadline ကုန်တဲ့ထိ စောင့်ဆိုင်းမယ်ဆိုရင် ကလပ် နှစ်သင်းလုံးဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းရနိုင်တယ်လို့ Paul Joyce က ဆိုလာခဲ့ပါတယ်။

တူညီတဲ့ သဘောကို တယ်လီဂရပ် သတင်းထောက် Chris Bascombe ကလည်း ကွင်းလယ်လူအတွက် ဒီည နောက်ဆုံးထားပြီး ပေါင် သန်း ၆၀ ဖြင့် ကမ်းလှမ်းခွင့်ရှိမှာဖြစ်ကြောင်းနဲ့ ဒီည ကျော်သွားမယ်ဆိုရင် လိုက်ဇစ်ဘက်က ကြိုက်စျေးတောင်းမှာဖြစ်ကာ ပိုများတဲ့ ပမာဏကိုပဲ လက်ခံ စဉ်းစားမှာပါလို့ ဖော်ပြခဲ့တယ်။

ဆိုဘိုစလိုက်ကို စိတ်ဝင်စားပေမယ့်လို့ လီဗာပူးဘက်က အလျင်စလို ချိတ်ဆက်မယ့် အနေအထားမျိုး မရှိပါဘူး။ နယူးကာဆယ်ဘက်က မြန်မြန်ဆန်ဆန် ဝင်ကမ်းလှမ်းရင် ဟန်ဂေရီ ကွင်းလယ်လူကို ခေါ်ယူရေး အသာစီးရသွားနိုင်ပါတယ်။

လီဗာပူးအသင်းဟာ ဆိုဘိုစလိုက်ရဲ့ ကိုယ်စားလှယ်တွေနဲ့တော့ တွေ့ဆုံထားပါတယ်။ ဒါပေမယ့် ဒါက ကွင်းလယ်လူကို ခေါ်ယူရေး အသာစီးရနေတယ် သူ့ကို ငွေကြေးတွေ ပစ်ပေးပြီး ကြိုးစားမယ်လို့တော့ မဆိုလိုပါဘူး။

နည်းပြကလော့ပ်ဟာ ဒီနွေအတွက် ကွင်းလယ်တိုက်စစ်သမား တစ်ဦးကို ခေါ်ယူလိုနေတယ်။ အခြားသော ပစ်မှတ်များစွာလည်း ရှိထားပါတယ်။ လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်းနဲ့ လေးစားလောက်တဲ့ ဆက်ဆံရေးမျိုးကိုလည်း တည်ဆောက်ထားတာမို့ ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရမှာဖြစ်ပါတယ်။