စတီဗင် ဂျရတ် စကား တစ်ခွန်းကို ခန္ဓာကိုယ်မှာ တက်တူရေးထိုးထားတဲ့ ဆိုဘိုစလိုက်

လိုက်ဇစ်အသင်း ကွင်းလယ်လူ ဆိုဘိုစလိုက်ဟာ လီဗာပူးအသင်း ပြောင်းလိုကြောင်း သူ့ရဲ့ စိတ်ဆန္ဒတွေကို ထုတ်ပြလာတဲ့နောက် ကလပ်နှစ်သင်းကြား စျေးစကား ပြောဆိုနေကြပြီ ဖြစ်ပါတယ်။

ဒီကနေ့ည သန်ခေါင် မကျော်ခင် စာချုပ်ပါကြေး ပေါင် သန်း ၆၀ ရှိထားတဲ့ တိုက်စစ်အားသန် ကွင်းလယ်လူကို လီဗာပူးဘက်က ဘယ်လောက် ပမာဏနဲ့ ညိနှိုင်းမယ် မသိရသေးပါဘူး။ နှစ်သင်း စကားပြောမှုမှာ အကောင်းမြင်စရာတွေ ရှိထားတယ်လို့ အသံထွက်လာပါတယ်။

ဆိုဘိုစလိုက်ဟာ နည်းပြကလော့ပ်ကို အတော်လေး အထင်ကြီးပြီး ဂျာမာန်သား လက်အောက် လီဗာပူးကစားသမားအဖြစ် ပါဝင်ရမယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်တောင် လက်လွတ်မယ်လို့ သတင်းကြီးနေခဲ့ပါတယ်။

အဲ့လို သတင်းတွေဟာ ချဲ့ကား ပြောဆိုခြင်း မဟုတ်ဘဲ ကစားသမား ကိုယ်တိုင်က လီဗာပူးပရိသတ် ဖြစ်နိုင်ကြောင်း သက်သေ တစ်ခုလည်း ထွက်ပေါ်လာပါတယ်။ ဒါကလည်း စတီဗင်ဂျရတ် ပြောဆိုခဲ့တဲ့ နာမည်ကြီး စကားတစ်ခုကို ဆိုဘိုစလိုက်က တက်တူးထိ ရေးထားတာကြောင့်ပါ

ဟန်ဂေရီ သတင်းဌာနဘက်က ဖော်ပြရာမှာတော့ ကွင်းလယ်လူရဲ့ တက်တူးတစ်ခုဟာ ” ပင်ကိုယ် ပါရမီဆိုတာက မြင့်မြတ်သော ကောင်းချီးပေးခံရမှု ဆိုသော်ညား ပြင်းပြတဲ့ စိတ်အားထက်သန်မှုနဲ့ နှိမ့်ချမှုတွေ မပါရင် ဘာတန်ဖိုးမှ မရှိပါဘူး ” လို့ အဓိပ္ပာယ်ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

လီဗာပူးဘက်က ဆိုဘိုစလိုက်အတွက် လိုက်ဇစ်နဲ့ ညိနှိုင်းနိုင်မလား မသိရသေးပေမယ့် ဒီကနေ့မှာပဲ အငှားထွက်သွားတဲ့ ကာဗာရိုဟာ ဘွန်ဒက်လီဂါကလပ်ရဲ့ ကစားသမားအဖြစ် ကြေညာခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။