ကလယ်ဟာ၊ ဂရာဗင်ဘက်ချ်၊ အန်ဒိုတို့ ပါဝင်ဖွယ်ရှိတဲ့ လက်စ်နဲ့ ယူရိုပါလိဂ်ပွဲအတွက် ပွဲထွက် လူစာရင်း

လီဗာပူးအသင်းဟာ မနက်ဖြန်မှာတော့ ယူရိုပါလိဂ် အုပ်စုအဆင့် အဖွင့်ပွဲအဖြစ် ဩစတြီးယားကလပ် လက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။

Team News

  • ထရန့် တစ်ဦးချင်း လေ့ကျင့်ရေးတွေ စတင်နေပါပြီ။
  • သီယေဂို လေ့ကျင့်ရေး မဆင်းနိုင်သေးပါဘူး။
  • အတ်ဒရီယန် အသင်းလိုက် လေ့ကျင့်ရေး ပါပေမယ့် သူ့ကို ဥရောပ လူစာရင်းထဲ မထည့်ထားပါဘူး။

Liverpool’s XI vs. LASK

ဒီပွဲမှာတော့ နည်းပြကလော့ပ်ဟာ ပွဲကစားခွင့် လိုအပ်နေသူတွေနဲ့ အဓိက ကစားသမားတွေကို တွဲသုံးလာမယ် မျှော်လင့်ရပါတယ်။ ယူရိုပါလိဂ်ပွဲဟာ ဥရောပ ပွဲစဉ်ဆိုပေမယ့် လီဗာပူးရဲ့ ဦးစားပေးက ပရီးမီးယားလိဂ် ဖြစ်လာဖို့ရှိနေပြီး အခုချိန်ထိ ပွဲမကစားရသေးတဲ့ စီနီယာတွေ ရှိနေသေးတာပါ။

ဂိုးသမား နေရာမှာ အယ်လီဆန်ကို အနားပေးပြီး ကလယ်ဟာကို ပွဲထုတ်ဖွယ် ရှိပါတယ်။ ကလယ်ဟာကို ဒီရာသီ ဖလားပွဲတွေအတွင်း နေရာပေးရာမှာ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေလည်း ပါဝင်လာဖွယ် ရှိနေတာပါ။

ခံစစ်မှာတော့ ဗန်ဒိုက် ပွဲထွက်လူစာရင်းက ပြန်ပါလာပြီး အီဘူးနဲ့ တွဲဘက်မှာပါ။ ညာအစွန်မှာ ဂိုးမက်စ် နေရာဆက်ရဖို့ ရှိကာ ဘယ်ခြမ်းမှာတော့ ရိုဘိုကို အနားပေးပြီး ကိုစတက်ကို ကစားခွင့်ပေးဖွယ် ရှိပါတယ်။

ကွင်းလယ်မှာတော့ အန်ဒို၊ ဂရာဗင်ဘက်ချ်တို့ကို မက်ကယ်လစ္စတာဖြင့် တွဲဘက်ပေးကာ တိုက်စစ်က ဒီယက်စ်၊ ဒါဝင်၊ ဆာလာတို့ ဖြစ်လာဖွယ် ရှိပါတယ်။ ဒီပွဲမှာ မထင်မှတ်ဘဲ စိတ်ဝင်စားဖွယ် ဖြစ်လာနိုင်တာက ဆာလာဘက်ခြမ်းဖြစ်ပြီး လူငယ် စတား ဗန်ဒုတ်ကို ပွဲထုတ်တာလည်း ဖြစ်လာနိုင်ပါတယ်။