ယူရိုပါလိဂ် အုပ်စုအဆင့် အဖွင့်ပွဲအဖြစ် လက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကြိုမှာ နည်းပြကလော့ပ်က ဒီပြိုင်ပွဲဟာ လူငယ်တွေ အရန်တွေကို နေရာပေးဖို့ စီစဉ်ထားတဲ့ ပွဲမျိုး မဟုတ်ဘူးလို့ ထုတ်ပြောခဲ့ပါတယ်။
အုပ်စုအဆင့်ပွဲမှာ ကလယ်ဟာကို ပွဲထုတ်မယ်လို့ သိထားရတာနဲ့အတူ ဗန်ဒုတ်လို လူငယ်ကြယ်ပွင့်နဲ့ ပွဲကစားခွင့် မရသေးတဲ့ အရန်လူတွေကို ဦးစားပေးမလား မေးခွန်းထုတ်ခံရတာပါ။ ကလော့ပ်ကတော့ နိုင်အောင်ကန်ဖို့ ရောက်လာတာပါလို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။
“ ပွဲကြိုမှာ လူစာရင်းနဲ့ ပတ်သက်လို့ ဘာ သတင်းအချက်အလက်မှ ကျနော် ပေးမှာ မဟုတ်ပါဘူး။ မင်းတို့ သိချင်ရင် ပွဲကစားချိန်ထိ စောင့်ကြည့်ကြပါ၊ လူစာရင်းကို ကြည့်ပြီး ကျေနပ်နပ် မကျေနပ်နပ် လက်ခံလိုက်ကြပါ။ ကျနော်တို့ ယှဉ်ပြိုင်ပါမယ်။
ကျနော်တို့က ဒီပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ ရောက်လာတာပါ၊ အခွင့်အရေးတွေ ပေးဖို့ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲက ဘယ်သူ ဘယ်သူအတွက်ရယ်မှ မဟုတ်ဘူး။ ကျနော်တို့ ယူရိုပါလိဂ်ကို တိုက်ခိုက်ချင်ပါတယ်။
ကျနော်တို့ ဒီကို ဘောလုံးကစားဖို့ ရောက်လာတာဖြစ်လို့ အလေးအနက် ကစားသွားမှာပါ။ ဘဝင်မြင့်နေတာမျိုး မဟုတ်ပေမယ့် ကျနော်တို့ ယှဉ်ပြိုင်ချင်တယ်၊ ဒီပွဲကို အနိုင်ရချင်တယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ယာဂင်ကလော့ပ်ဟာ ဒီရာသီ ပွဲထွက်လူစာရင်းနဲ့ ပတ်သက်လာရင် ဆုံးဖြတ်ချက်တွေဟာ အညှာအတာ ကင်းပြီး စွမ်းဆောင်ရည် မကောင်းရင် ကွင်းထဲကနေ ထုတ်ပယ်ဖို့ ဝန်မလေးဘူးဆိုတာ ပြသနေတာပါ။
ယူရိုပါလိဂ်ပွဲမှာ ပရိသတ်ကြိုက် လူစာရင်းမျိုး ထုတ်ရေးထက် ပြိုင်ဆိုင်နိုင်တဲ့ လူစာရင်းတစ်ခုကို ရွေးချယ်မယ်လို့ နားလည်ရတာ ဖြစ်ပါတယ်။