နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးပွဲလို့ အသင်းခေါင်းဆောင် ကြွေးကြော်၊ လီဗာပူးကို ကြောက်နေမှာ မဟုတ်ဘူးလို့ လက်စ်နည်းပြ သတိပေး

လီဗာပူးအသင်းဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ယူရိုပါလိဂ် အဆင့်ထံ ဆင်းကစားနေရပြီး ဒီကနေ့မှာ အုပ်စုတွင်း ပထမဆုံးပွဲကို စတင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီပွဲကို အနိုင်ရဖို့ကော ယူရိုပါလိဂ် ချန်ပီယံဖြစ်ဖို့ပါ ရေပန်းစားပါတယ်။ ဒါပေမယ့်လို့ ဩစတြီးယားကလပ် လက်စ်အသင်းဟာ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ လီဗာပူးကို ယှဉ်ပြိုင်ကစားလိုစိတ် ပြင်းထန်နေပါတယ်။

“ ဒီပွဲဟာ အသင်းက ကစားသမားတိုင်းအတွက်၊ ပရိသတ်တိုင်းအတွက် နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးပွဲပါ။ ဒီပွဲအတွက် ကျနော်တို့ အစွမ်းကုန် ပေးဆပ်ပြီး ဘာဖြစ်လာမလဲ မျှော်လင့်နေပါပြီ ” လို့ လက်စ်အသင်းရဲ့ အသင်းခေါင်းဆောင်က Sky Sport Austria ကနေ ပြောပါတယ်။

ယာဂင်ကလော့ပ်ဟာ လီဗာပူးကို ကိုင်တွယ်လာတဲ့ ၈ နှစ်အတွင်း အသင်းကို ဥရောပ ပြိုင်ပွဲတွေအတွင်း ဖိုင်နယ် ၄ ကြိမ်ထိ ပို့ပေးခဲ့သူပါ။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဥရောပမှာတော့ အတော်လေးကို ဂုဏ်သတင်းကြီးမားထားတာ ဖြစ်ပါတယ်။

လက်စ်အသင်းနည်းပြက “ လီဗာပူးကို လူတိုင်း သိပါတယ်၊ သူတို့က ထိပ်တန်းအသင်းဆိုတာ လူတိုင်း သိထားကြတယ်။ ဒါပေမယ့် ကျနော်တို့ မကြောက်ပါဘူး။ သူတို့ကို စစ်စစ်မှန်မှန် စိန်ခေါ်နိုင်ဖို့ ကျနော်တို့ အစွမ်းကုန် အားထုတ်မှာ ဖြစ်ပါတယ် ” လို့ ထုတ်ပြောလာခဲ့ပါတယ်။

လက်စ်အသင်းဟာ ပရိသတ်အားပေးမှု ကောင်းမွန်သလို လက်တလောမှာ ရလဒ်တွေ ကောင်းနေတဲ့အသင်း ဖြစ်ပါတယ်။ ဒီလို ပြိုင်ဘက်ကို ရင်ဆိုင်ခြင်းဟာ ရာသီစမှာ တာထွက်ကောင်းနေတဲ့ လီဗာပူးရဲ့ ခြေစွမ်းကို ပိုမို တောက်ပလာဖို့ အခွင့်အရေး ဖြစ်လာဖို့ ရှိနေပါတယ်။