ကလော့ပ်ရဲ့ လူစားလဲမှုတွေ ကောင်းခဲ့ပြီး၊ ယူရိုပါလိဂ်လို ပြိုင်ပွဲအတွက်က ကောင်းလွန်းနေတဲ့ ဆာလာ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ယူရိုပါလိဂ် အုပ်စုအဆင့် အဖွင့်ပွဲမှာတော့ လီဗာပူးအသင်းဟာ အဝေးကွင်း သွားရောက်ကစားပြီး ဩစတြီးယားကလပ် လက်စ်အသင်းကို ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။

ဝုဗ်အသင်း ပွဲထွက်လူစာရင်းကို ၁၁ ဦးလုံး ပြောင်းလဲခဲ့ကာ ဒီပွဲမှာတော့ ဘာ့ဆဲတစ်၊ ဗန်ဒုတ်၊ ကလယ်ဟာတို့ကို ပွဲကစားခွင့် လိုအပ်နေတဲ့ ကစားသမားတွေဖြင့် တွဲဘက်ပေးခဲ့ပါတယ်။ အန်ဒိုနဲ့ ဂရာဗင်ဘက်ချ်တို့ရဲ့ ခြေစွမ်းတွေကို စောင့်ကြည့်ဖို့ ဖြစ်လာခဲ့တယ်။

ပထမပိုင်းမှာတော့ တွဲဘက်အသစ်တွေဟာ တစ်ဦးနဲ့တစ်ဦး အကြောင်းမသိတာမို့ ဘောလုံးပေးတာတွေ ပြေးလမ်းတွက်ဆတာတွေ အတော်လေး မှားယွင်းခဲ့ပါတယ်။ ကာလရှည် ဒဏ်ရာက ပြန်သက်သာလာတဲ့ ဘာ့ဆဲတစ်နဲ့ ဘယ်ခြမ်းက ကိုစတက်တို့ အသင်းကစားကွက်ကို ကြွတက်လာအောင် မလုပ်ပေးနိုင်ခဲ့ပါဘူး။

ဦးဆောင်ဂိုး ပေးလိုက်တဲ့ အခိုက်အတန့် တစ်ခုကလွဲရင် လီဗာပူးအသင်း အမှား သိပ်မရှိလှဘဲ တကယ်တမ်း မကောင်းတာက ဘောလုံးပိုင်ဆိုင်ချိန်နဲ့ တိုက်စစ်ပိုင်းအတွက် ပူးပေါင်း ဆောင်ရွက်ချိန်တွေမှာ ဖြစ်ပါတယ်။ ဒါဝင်ရဲ့ အပိုင်တိုက်ချက် ကာကွယ်ခံလိုက်ရတာက နှမျောဖို့ကောင်းပါတယ်။

ဒုတိယပိုင်းမှာတော့ ကစားဟန်က တော်တော်လေး တက်လာခဲ့ပါတယ်။ လူစားလဲမှုတွေ မတိုင်ခင်မှာတင် ခြေပဂိုးရခဲ့တာဖြစ်ပြီး ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာတို့ ဝင်လာချိန်မှာ အသင်းရဲ့ ဖောက်ချက်တွေက တော်တော်လှပါတယ်။ ဂရာဗင်ဘက်ချ်ရဲ့ ပေးချက်ကနေ ဒီယက်ဇ် ပိတ်သွင်းခဲ့တာပါ။

ဒါပေမယ့် ကံဆိုးလှတဲ့ လီဗာပူးပရိသတ်တွေက ဂရာဗင်ဘက်ချ်၊ ဆိုဘိုနဲ့ မာကာ တွဲလုံးကို အေးဆေး မကြည့်ရပါဘူး။ ကောင်တာတိုက်ရင်း ဂရာဗင်ဘက်ချ် ဒဏ်ရာရသွားလို့ ဆာလာနဲ့ လူစားလဲပြီး ဟာဗေးက ကွင်းလယ်ကို ဆင်းကစားပါတယ်။

ဆာလာရဲ့ ခြေစွမ်းကတော့ ယူရိုပါလိဂ်လို အဆင့်နဲ့ တကယ်ကို မတန်ပါဘူး။ သူ လုပ်ရင် လုပ်သလိုဖြစ်နေပြီး သူ့ရဲ့ တစ်ကိုယ်တော် ပုံစံ ဧရိယာထဲ တိုးဝင်မှုကနေ တတိယဂိုး ရခဲ့ပါတယ်။

ဒီပွဲကတော့ အပ်နဲ့ထွင်းရမယ့်ပွဲကို အပ်နဲ့ထွင်းခဲ့တယ်လို့ပဲ ပြောရမှာဖြစ်ပြီး ကလော့ပ်ရဲ့ လူထုတ်ပုံနဲ့ လူစားလဲမှုတွေဟာ နှစ်သက်ဖို့ ကောင်းခဲ့တယ်၊ ချိန်သားကိုက်တွေ ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။