ကလော့ပ်က ဘယ်လို ကစားခိုင်းခဲ့လဲ ပြောပြပြီး သူ နည်းနည်းချာခဲ့ပါတယ် ဝန်ခံတဲ့ ဂရာဗင်ဘက်ချ်

လီဗာပူး ကစားသမားဘဝ ပထမဆုံး ပွဲထွက်မှုအဖြစ် လက်စ်အသင်းနဲ့ ယှဉ်ပြိုင်တဲ့ ယူရိုပါလိဂ်ပွဲမှာ ကွင်းလယ်လူသစ် ဂရာဗင်ဘက်ချ် ပါဝင်သွားခဲ့ပါတယ်။

တိုက်စစ်သမား ဒီယက်ဇ်အတွက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့တဲ့ ဂရာဗင်ဘက်ချ်ဟာ ဒဏ်ရာကြောင့် ပွဲပြီးတဲ့ထိတော့ မကစားနိုင်ခဲ့ပါဘူး။ သူဟာ ကောင်းမွန်တဲ့ ဘောလုံး သယ်ယူမှုတွေ လုပ်ပြခဲ့ပြီး ပရိသတ်တွေ ကျေနပ်အောင်ထိ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

ပွဲအပြီး လီဗာပူးဝဘ်ဆိုဒ်ကနေ ဂရာဗင်ဘက်ချ်က “ ကျနော်တို့ အစ မကောင်းခဲ့ပါဘူး။ ဒါပေမယ့် စိတ်ဓါတ်ပိုင်းလေး ရှိခဲ့ပြီး အခြေအနေကို ပြောင်းလဲခဲ့နိုင်တယ်။ ဒီပွဲအတွက် ပျော်မိပါတယ်။

ကိုယ့်ဘာသာ အတွက်ဆိုရင်တော့ ကျနော် နည်းနည်းချာခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒီတော့ အဲ့အတွက် အလုပ်လုပ်ရမှာတွေ ရှိပါတယ်။ ကျန်တာကတော့ အဆင်ပြေပါတယ် ” ဆိုပြီး ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ စျေးကွက်မှာ ကွင်းလယ် စွယ်စုံ ကစားနိုင်တဲ့ ကစားသမားကို ရှာဖွေနေခဲ့ပြီး ဂရာဗင်ဘက်ချ်ကို ခေါ်ယူခဲ့တာပါ။ ကလော့ပ်က ဘယ်လို ပုံစံ ကစားဖို့ ညွှန်ကြားထားသလဲ မေးခံရချိန်မှာ ဂရာဗင်ဘက်ချ်ကတော့ လွတ်လွတ်လပ်လပ် ကစားဖို့ပဲ မှာထားတယ်လို့ ဆိုပါတယ်။

ကျောနံပါတ် ၃၈ သမားက “ ပြိုင်ဘက်က ကျစ်လစ်ခဲ့ပေမယ့် ကျနော်တို့ အသင်းက ပိုကောင်းခဲ့ပါတယ်။ ကျနော်တို့ နံပါတ် ၆ နှစ်ဦးနဲ့ ကစားခဲ့ပြီး ကျနော်ကတော့ တိုက်စစ်ကို လိုက်ပါခွင့်ရခဲ့ပါတယ်။ ကျနော်တို့ ကောင်းကောင်းကစားခဲ့တယ် ထင်ပါတယ်။

မနေ့က လေ့ကျင့်ရေး အပြီးမှာ နည်းပြက ကျနော် အနား လာပြီး လွတ်လွတ်လပ်လပ် ကစားဖို့ မှာခဲ့ပါတယ်။ ကိုယ်လုပ်ချင်တဲ့အတိုင်း လုပ်ကြည့်ဖို့ပေါ့။ ကျနော် ဘယ်လို ကစားရမယ်ဆိုတာတွေ ရှိပေမယ့် နည်းပြကတော့ ကိုယ့်ပုံစံအတိုင်း ကစားဖို့ပဲ မှာခဲ့ပါတယ် ” လို့ ရှင်းပြခဲ့ပါတယ်။