ယူရိုပါလိဂ်ပွဲစဉ်မှာ လူငယ် ခံစစ်သမားတွေနဲ့ ကွင်းလယ်အတွဲသစ်ကို ပွဲထုတ်လာနိုင်

လီဗာပူးအသင်းဟာ ဒီကြားရက် ယူရိုပါလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲမှာတော့ ဘယ်လိုရလဒ်ပဲ ထွက်ပါစေ ရှုံးထွက်ကို တက်ရောက်ပြီမို့ လူငယ်တွေကို နေရာပေးနိုင်ကြောင်း သတင်းထွက်လာပါတယ်။

၁၅ ရက်အတွင်း ၅ ပွဲ ကစားရမှာ ဖြစ်သလို မန်ယူနိုက်တက်၊ ဝက်စ်ဟမ်း၊ အာဆင်နယ်တို့နဲ့ ဆက်တိုက် ယှဉ်ပြိုင်ရမှာမို့ ဗန်ဒိုက်၊ အယ်လီဆန်၊ ဆိုဘိုစလိုင်၊ ဆာလာ အပါအဝင် စီနီယာအချို့ကို အနားပေးမှု ရှိလာမယ် မျှော်လင့်ရတာ ဖြစ်ပါတယ်။

နည်းပြကလော့ပ်ရဲ့ ပွဲထွက်လူစာရင်းကို ရွေးချယ်မှုနဲ့ ပွဲကစားချိန်တွေ စီမံပေးနိုင်မှုဟာ ဒီဇင်ဘာနဲ့ ဇန်နဝါရီ ကာလတွေမှာ ပွဲကြပ်တွေကို ကြံ့ခိုင်မှု ကောင်းကောင်းဖြင့် ကျော်ဖြတ်ဖို့ အထောက်အကူဖြစ်လာပါလိမ့်မယ်။

ဒီပွဲမှာတော့ ဒဏ်ရာက ပြန်သက်သာလာနေပြီဖြစ်တဲ့ ညာအစွန်လူ ကော်နာ ဘရတ်ဒလေ၊ ဘယ်အစွန်လူ လုခ်ချမ်ဘာတို့ဟာ ကွမ်းဆက်နဲ့အတူ ခံစစ်ကြောင်းမှာ ပွဲထွက်လာနိုင်တယ်လို့ အသံထွက်နေတယ်။

နည်းပြကလော့ပ်က တွဲဘက်ကစားမှုပိုင်း အတွေ့အကြုံ မရှိတဲ့ လူငယ်ခံစစ်တန်းကို စွန့်စားပြီး သုံးပါ့မလားဆိုတဲ့ မေးခွန်းမျိုး ရှိပေမယ့် ကွင်းလယ်မှာလည်း မက်ကော်နယ်၊ ဟာဗေး၊ အန်ဒိုအတွဲကို ပွဲထုတ်လာမယ်လို့ ထင်မြင်နေကြပါတယ်။

မက်ကယ်လစ္စတာဟာ ဒဏ်ရာကြောင့် ယူနိုက်တက်ပွဲကို လွဲချော်တာမျိုး ဖြစ်လာနိုင်ပြီး ဂရာဗင်ဘက်ချ်နဲ့ ကာတစ်ဂျုံးကတော့ နယ်သာလန်ကို လိုက်ပါသွားနိုင်ဆဲ ဖြစ်ပါတယ်။

တိုက်စစ်မှာတော့ ဂက်ပိုကို အခွင့်အရေးပေးကာ ဗန်ဒုတ်နဲ့ ဂေါ်ဒန်တို့ဖြင့် တွဲဘက်ပေးမလား ပွဲထွက်မှာ ဒီယက်ဇ်နဲ့ ဒါဝင်တို့ကို ပွဲကစားခွင့် မိနစ် ၆၀ လောက် ပေးမလားကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။