အသင်းသမိုင်း အသက်အငယ်ဆုံး ဥရောပ ပွဲထွက်လူစာရင်း၊ ကလော့ပ်ကို စာချုပ်သစ် ပေးလိုခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

ဘယ်ဂျီယံကလပ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ကလော့ပ် ပွဲထုတ်ခဲ့တဲ့ ပွဲထွက် ၁၁ ဦးစာရင်းရဲ့ ပျှမ်းမျှ အသက်ဟာ ၂၁.၉ နှစ်ဖြစ်ပါတယ်။ ဒါဟာ ဥရောပပြိုင်ပွဲ တစ်ခုမှာ အသက်အငယ်ဆုံး လီဗာပူးအသင်းအဖြစ် မှတ်တမ်းဝင်ပါတယ်။

ဘယ်ဂျီယံကလပ်ကို ၂-၁ ဖြင့် အရေးနိမ့်ပေမယ့် ဂိုးရယူနိုင်ခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ ၃၄ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနီယံဘက်က သွင်းဂိုးဟာ သိသိသာသာ လူကျွံနေပေမယ့်လို့ ဂိုးအဖြစ် အသိအမှတ် ပြုသွားခဲ့ပါတယ်။ ပွဲအပြီးမှာ နည်းပြကလော့ပ်က ဒီဂိုး ဘာလို့ပေးလဲ သူလည်း မသိဘူးလို့ ထုတ်ပြောသွားပါတယ်။

ယူနီယံစိန့်ပွဲမှာ ကိုနတေးနဲ့ အန်ဒို၊ ဂိုးမက်စ်နဲ့ ဂရာဗင်ဘက်ချ်လို ကစားသမား အချို့ကို ၄၅ မိနစ်စီ ပေးကစားခဲ့ပြီး ဒါဟာ ပွဲကြိုမှာတည်းက ကြိုတင် စီစဉ်ထားမှုလို့ ကလော့ပ်က ပြောပါတယ်။

လိုက်ဇစ်က ကာဗာရိုကို ဆက်ခေါ်ထားလိုကြောင်း တုန့်ပြန်ပြီး လီဗာပူးအသင်းကတော့ ကစားသမားကို ပွဲကစားခွင့် မပေးရင် သူ့ရဲ့ တက်လှမ်းကို ပိတ်ထားရာကျတယ်လို့ ယုံကြည်နေတာမို့ ပြန်ခေါ်လိုနေဆဲဖြစ်ပါတယ်။

တန်ဟက် မတိုင်ခင် ယူနိုက်တက် နည်းပြ ၃ ဦးဖြစ်တဲ့ မော်ရင်ညို၊ ဆိုးရှားနဲ့ ရက်နစ်တို့ ၃ ဦးဟာ တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားပြီး တနင်္လာနေ့ မနက်တွေမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။

FSG ဘက်က ကလော့ပ်ကို ကာလရှည် သက်တမ်းတိုးမှု ပြုလုပ်လိုနေပါတယ်။ နည်းပြကလော့ပ်ဟာ ၂၀၂၆ ခုနှစ် စာချုပ်ရှိနေတာ ဖြစ်ပေမယ့် သူ့ကို ၂၀၂၉ ထိ သက်တမ်းတိုးဖို့ ကလပ်ဘက်က ဆန္ဒရှိနေတာပါ။