

ကမ္ဘာကျော် တိုက်စစ်သမားဟောင်း ရှက်ချန်ကိုက အတိတ်က နေ့ရက်အချို့ကို ဂယ်ရီလင်ကာရဲ့ The Rest Is Football podcast အစီအစဉ်မှာ ထည့်ပြောမှု ပြုလုပ်ခဲ့ပါတယ်။
သူကို အကြီးအကျယ် ခံစားစေခဲ့တာကတော့ အားလုံးသိကြတဲ့ ချန်ပီယံလိဂ်သမိုင်း အကောင်းဆုံး ဖိုင်နယ်ဖြစ်တဲ့ လီဗာပူး ၃-၃ အေစီမီလန် ပွဲစဉ်မှ ဒူးဒက်ရဲ့ ကာကွယ်မှုပါပဲ။ မှော်ဝင်နေတဲ့ ဒူးဒက်ရဲ့ ကာကွယ်မှုဟာ ရှက်ချန်ကို ကို အတော်လေး နာကျင်စေခဲ့ပါတယ်။
ရှက်ချန်ကိုက “ ကျနော် ရိုးရိုးသားသားပဲ ပြောပါမယ်ဗျာ။ ၃ လလောက်ထိ အိပ်လို့ကို မပျော်ခဲ့တာပါ။ မနက် အိပ်ရာထလာရာကနေ ညမိုးချုပ်ထိ အောက်ထပ်မှာ အဲ့ဗီဒီယိုကိုပဲ ထိုးပြီး အခေါက်ပေါင်းများစွာ ထိုင်ကြည့်နေမိခဲ့တာပါ။
အထူးသဖြင့် ကျနော်ရဲ့ ပိတ်ချက်ကို ဂိုးသမားဒူးဒက် နှစ်ချက်ဆင့် ကာကွယ်သွားတာကိုပဲ ထိုင်ကြည့်နေမိတယ်။ အဲ့ဖြစ်ရပ်ကပဲ ပွဲပြီးတော့မယ့် နောက်ဆုံး စက္ကန့်ဖြစ်ခဲ့တာပါ။ တကယ်ကို မယုံနိုင်စရာ ဖိုင်နယ်ပွဲပါဗျာ ” လို့ အမှတ်တရ ပြန်ပြောခဲ့ပါတယ်။
လီဗာပူးအသင်း ၃-၀ ဖြင့် အရေးနိမ့်နေချိန်မှာ အသင်းပရိသတ်တွေဟာ စစ်မှန်တဲ့ အားပေးမှုကို ပြသခဲ့တာပါ။ တူရကီမြေကို လီဗာပူးပရိသတ်တွေ အုပ်စုလိုက် ချီတက်ခဲ့ကြတဲ့ ပုံရိပ်တွေဟာ ပွဲကြိုမှာတည်းက ထင်ရှားခဲ့ပြီး ဘောလုံးသမိုင်းမှာ မဖြစ်နိုင်တဲ့ ကိစ္စကို ဖန်တီးမှုမှာလည်း သူတို့တွေက အဓိက ကျခဲ့ပါတယ်။
ရှက်ချန်ကိုကတော့ လီဗာပူးကစားသမားတွေရဲ့ စိတ်ဓါတ်ကို ချီးကျူးပေမယ့် သူ အခုချိန်ထိ အထင်ကြီးနေမိတာကတော့ ထိုစဉ် ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ အသင်းကို ၃-၀ ရှုံးနေချိန်မှာ မယိုင်လဲခဲ့တဲ့ လီဗာပူးပရိသတ်တွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ ထက်သန်မှုပဲ ဖြစ်ပါတယ်။
ရှက်ချန်ကိုက “ လီဗာပူးကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းကို ကျနော် အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် လီဗာပူးပရိသတ်တွေကို ပိုလို့ အထင်ကြီးပါတယ်။ သူတို့ရဲ့ အသံတွေ၊ သူတို့ရဲ့ အားပေးမှုတွေက အဲ့ပွဲမှာ ခြားနားသွားစေတာပါ။
‘You’ll Never Walk Alone’ ဆိုတာ ကျော်ကြားတဲ့ စာသားပါ။ အဲ့တာကပဲ လီဗာပူး ကစားသမားတွေကို အင်အားတွေဖြစ်စေခဲ့ဟန် တူပါတယ်။ ၆ မိနစ်အတွင်း တစ်ခုခုဖြစ်သွားခဲ့ပြီး ဂိုးတွေ သွင်းသွားခဲ့ကြတယ်။ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
အစ္စတန်ဘူလ်ဖြစ်ရပ်အပြီး ၁၅ နှစ်အကြာမှာတော့ လီဗာပူးပရိသတ်တွေကပဲ ထိုစဉ် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် အားလုံး လက်ခံထားရတဲ့ ဘလွန်းဒီအောများရှင် မက်ဆီ ဦးဆောင်တဲ့ ဘာစီလိုနာကို ၄-၀ ရလဒ်ဖြင့် ထပ်မံ အနိုင်ယူပြကာ ကလပ်သမိုင်း ၆ ကြိမ်မြောက် ချန်ပီယံလိဂ် အနိုင်ရရေး တထောင့်တစ်နေရာက ထပ်မံ မှတ်ကျောက်တင်ခံခဲ့တာ ဖြစ်ပါတယ်။