လီဗာပူးအသင်းဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ အရေးကြီး ကိစ္စ အချို့ လုပ်စရာ ရှိနေသလို နွေကျရင် အသင်းနဲ့ လမ်းခွဲမယ့် ကစားသမား အချို့ရဲ့ အနာဂတ်အတွက်လည်း အခုတည်းက ကြိုတင် ပြင်ဆင်ရပါလိမ့်မယ်။
ကလပ်ရဲ့ ဦးစားပေးထဲမှာတော့ စာချုပ် ၁၈ လပဲ ကျန်တော့တဲ့ ဆာလာ၊ ထရန့်၊ ဗန်ဒိုက်တို့ကို ၂၀၂၅ ခုနှစ် နောက်ပိုင်း အသင်းမှာ ဆက်ရှိနေအောင် ထိန်းသိမ်းရေး ဖြစ်နိုင်ပါတယ်။ ရာသီသစ် စတင်လာကတည်းက ထရန့်နဲ့ စာချုပ်သစ်အကြောင်း အသံထွက်နေခဲ့ကာ အခုချိန်ထိ မအောင်မြင်သေးပါဘူး။
ရာသီကုန်ရင်တော့ အတ်ဒရီယန်၊ သီယေဂို၊ မာတစ်၊ မူရှောဝေါ်စကီ၊ ဖရန့်ဒေါ့နဲ့ ဂလေဇယ်တို့ အသင်းနဲ့ စာချုပ်ကုန်မှာ ဖြစ်ပါတယ်။
မနှစ်က တစ်နှစ် သက်တမ်းတိုးထားတဲ့ ဂိုးသမား အတ်ဒရီယန်က ဒီနွေမှာ အလွတ်ဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးအတွက် ၁ ပွဲမှ မကစားရသေးတဲ့ ကွင်းလယ်လူ သီယေဂိုကလည်း ACL ဒဏ်ရာရနေတဲ့ မာတစ် နည်းတူ စာချုပ်ကုန်မှာပါ။
နည်းပြကလော့ပ်က မာတစ်နဲ့ သီယေဂိုတို့ကို စာချုပ်သစ် ပေးနိုင်ကြောင်း သဘောမျိုး ပြောဆိုခဲ့ပေမယ့် စာချုပ်ကုန်ချိန်မှာ အသက် ၃၃ နှစ်အရွယ် ရောက်နေမယ့် ကစားသမားတွေကို လီဗာပူးဘက်က ဆက်ထိန်းဖို့ရာ ခဲယဉ်ပါတယ်။
ပိုလန်မက်ဆီလို့ လူငယ်တန်းမှာ ထင်ပေါ်ခဲ့တဲ့ မူရှောဝေါ်စကီဟာ ဂလေဇယ် နည်းတူ ဒဏ်ရာတွေကြောင့် တိုးတက်မှုတွေ ရပ်တန့်သွားခဲ့တယ်။ ဖရန့်ဒေါ့ကတော့ အသင်း စာချုပ်သစ်ပေးနိုင်တဲ့ ကစားသမားဖြစ်ပေမယ့် အခုချိန်ထိ သတင်းထူး မရှိသေးတာ ဖြစ်ပါတယ်။