

လီဗာပူးအသင်းဟာ ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ကို လက်လွတ်ထားရပေမယ့် သူတို့နေရာ အင်အားဖြည့်ရေး ဇန်နဝါရီစျေးကွက်မှာ အသည်းအသန် လူထဝယ်ဖို့ ကြိုးစားသွားမှာ မဟုတ်ပါဘူး။
သောကြာနေ့ မီဒီယာတွေ့ဆုံမှုမှာ ရော်ဘတ်ဆန်က အသင်းလိုက်လေ့ကျင့်ရေး ပြန်လည် ပါဝင်နိုင်ဖို့ မနီးစပ်သေးဘူးလို့ နည်းပြကလော့ပ်က အတည်ပြုပါတယ်။ ကိုစတက်ကလည်း ဒဏ်ရာကြောင့် မတ်လလောက်မှ ဘောလုံးပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။
ရော်ဘတ်ဆန်ဟာ ပုခုံးဒဏ်ရာ သက်သာလာဖို့ ကြိုးစားနေရဆဲဖြစ်ကာ လှုပ်လှုပ်ရှားရှားတွေ ပြန်စတင်နိုင်ပေမယ့် လက်မောင်းကို အားယူနိုင်ခြင်း မရှိသေးပါဘူး။ ဇန်နဝါရီအကုန်လောက်မှ အသင်းလူစာရင်းထဲကို စတင် ပြန်ဝင်လာနိုင်မယ်လို့ သိရပါတယ်။
လက်တလော ဘယ်ခြမ်းနေရာ ကစားသမားမရှိပေမယ့် ဂိုးမက်စ်လို စွယ်စုံရ ခံစစ်မှူး ရှိနေတာမို့ အလျင်စလို လူသစ် ခေါ်ယူတာမျိုး လုပ်မှာ မဟုတ်ကြောင်း တယ်လီဂရပ်ကတစ်ဆင့် သတင်းထောက် Chris Bascombe က ဖော်ပြပါတယ်။
လီဗာပူးအသင်းရဲ့ ကစားသမားသစ် ခေါ်ယူရေး ဌာနဟာ ဇန်နဝါရီမှာ သွက်သွက်လက်လက် လှုပ်ရှားမှုတွေ ရှိလာဖို့ မမြင်ရသေးပါဘူး။ ကာလတို အင်အားဖြည့်မှု ဒါမှမဟုတ် ငွေအကြီးအကျယ် သုံးပြီး လူအင်အားဖြည့်လာတာမျိုး မြင်ရဖို့ ခဲယဉ်းပါတယ်။
ခံစစ်မှူးမာတစ် ဒဏ်ရာရနေပေမယ့် ဗန်ဒိုက်၊ ကိုနတေး၊ ကွမ်းဆက်တို့ ရှိနေတဲ့ ဗဟိုခံစစ်ဟာ ရာသီကုန်ထိ ဆက်လက် ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ နည်းပြအဖွဲ့ကလည်း ယုံကြည်ထားပါတယ်။
မက်ကယ်လစ္စတာနဲ့ ဂျိုတာတို့ ဒဏ်ရာတွေက ပြန်သက်သာလာခြင်းနဲ့အတူ လီဗာပူးရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကလည်း ရွေးချယ်စရာတွေ ပိုရှိလာနေတယ်။ သူတို့ နှစ်ဦး ပြန်လာခြင်းဟာ လက်ရွေးစင် တာဝန်တွေ ထမ်းဆောင်ရမယ့် အန်ဒို၊ ဆာလာတို့နေရာ တိုက်ရိုက် အစားထိုးတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။