ဆိုဘို ဒဏ်ရာရခြင်း၊ ဆာလာ အာဖရိကသွားဖို့ ရှိခြင်း၊ နယူးကာဆယ်ကို အနိုင်ရပြီး နောက်ဆက်တွဲ ကိစ္စတွေနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

၂၀၂၄ ခုနှစ်ရဲ့ အဖွင့်ပွဲအဖြစ် နယူးကာဆယ်ကို အိမ်ကွင်းမှာ ၄-၂ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ အာဆင်နယ်နဲ့ မန်စီးတီးတို့ကို ၅ မှတ် ဖြတ်နိုင်ခဲ့ပါတယ်။

မိုဆာလာ (၂ ဂိုး)၊ ကာတစ်ဂျုံး၊ ဂက်ပိုတို့ဟာ လီဗာပူးအတွက် ဂိုးသွင်းခဲ့ကြပြီး နယူးကာဆယ်အတွက် အိုင်ဆက်နဲ့ ဘော့မန်းတို့က ဂိုးသွင်းယူခဲ့ပါတယ်။

မိုဆာလာဟာ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး အများဆုံး ကစားသမား နေရာကို ဟာလန်းနဲ့အပြိုင် ၁၄ ဂိုးဖြင့် ပူးတွဲ ရပ်တည်သွားပါပြီ။

နယူးကာဆယ်ပွဲမှ သွင်းဂိုးဟာ ဆာလာအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၅၀ ပြည့်ခြင်းဖြစ်သလို အသင်းသမိုင်းမှာ သူ့ထက် ဂိုးပိုသွင်းထားသူဆိုလို ၄ ဦးပဲ ကျန်ရှိပါတော့တယ်။

ဆာလာဟာ ဒီပွဲအပြီးမှာ အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားတော့မှာဖြစ်ကာ သူမရှိခဲ့ရင်လည်း ကလပ်ဟာ ပွဲစဉ်တွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ထောက်ခံသွားပါတယ်။

နယူးကာဆယ်ကို ရင်ဆိုင်စဉ်အတွင်း လီဗာပူးအသင်းဟာ ဂိုးရနိုင်ချေ မြင့်မားမှုကို တွက်ချက်တဲ့ xG အပိုင်းမှာ ပရီးမီးယားလိဂ် စံချိန်တင်အဖြစ် 7.27 အထိ ရရှိခဲ့ပါတယ်။

ဂျိုတာရဲ့ နောက်ဆုံး ပင်နယ်တီဖြစ်ရပ်မှာ သူ့ကို ခံစစ်ကြောင်းကနေ ဘောလုံးထုတ်ပေးခဲ့သူက မာကာဖြစ်ပါတယ်။

ဂျိုတာဟာ ဒို်င်ဗင်ပစ်ခဲ့တာဖြစ်ပြီး အဆိုပါဖြစ်ရပ်ကို ပင်နယ်တီ မပေးသင့်ဘူးလို့ အာဆင်နယ်ကစားသမားဟောင်း အီရန်ရိုက်နဲ့ နယူးကာဆယ် ကစားသမားဟောင်း အလန်ရှီးယားတို့ ဝေဖန်ခဲ့ကြပါတယ်။

နယူးကာဆယ်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့သလို အခွင့်အရေး များစွာကို ဖြုန်းတီးခဲ့တယ်လို့ ဝေဖန်ခံနေရတဲ့ ဒါဝင်ကို နည်းပြကလော့ပ်က ကာကွယ်ခဲ့ပြီး ဆာလာရဲ့ သွင်းဂိုးဟာ ဒါဝင်ရဲ့ ရက်ရောတဲ့ ပေးချက်ကနေ လာတာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

ကွင်းလယ်လူ ဆိုဘိုစလိုင်ကို လူစားလဲဖို့ အစောကြီးထဲက ပြင်ဆင်ထားပေမယ့် ၁ မိနစ်လောက် နောက်ကျသွားခဲ့တယ်လို့ ကလော့ပ်က ဆိုပါတယ်။ ဆိုဘိုဟာ တံကောက်ကြော ဒဏ်ရာမျိုး ရခဲ့ပေမယ့် ဘယ်လောက် ပြင်းထန်တယ် မသိရသေးပါဘူး။

နယူးကာဆယ်ပွဲကို ဘော်ဘီနဲ့ ဖာဘင်ညိုတို့ တက်ရောက် ကြည့်ရှုခဲ့ပြီး အသင်းရဲ့ အခြေအနေကို အကောင်းမြင်စွာ သုံးသပ်ခဲ့ကြပါတယ်။