

အသက် ၃၀ အရွယ် ဝါတာရု အန်ဒိုဟာ အာရှဖလားပွဲအတွက် လီဗာပူးကို ခေတ္တ စွန့်ခွာပြီး ဂျပန်အသင်းနဲ့ သွားရောက် ပူးပေါင်းပါတော့မယ်။
ရာသီစက ကလပ်ရဲ့ အလျင်စလို ခေါ်ယူမှု တစ်ခုအဖြစ် အထင်သေးခံခဲ့ရပြီး သူ့အသက်အရွယ်နဲ့ ဆိုရင် လီဗာပူးဘက်က ပရိသတ်တွေကို ချွေးသိပ်တဲ့ အပြောင်းအရွှေ့ အဖြစ်လည်း ဝေဖန်ခံခဲ့ရတာပါ။
ဒါပေမယ့် အခုချိန်မှာတော့ ဝါတာရုကို ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်ခံစစ်သမားတွေထဲက တစ်ဦးအဖြစ် မှတ်ချက်တွေ ပေးလာနေကြပါပြီ။
ပုံစံကောင်းတွေ ရနေချိန်မှာ အာရှဖလားပွဲအတွက် လီဗာပူးကို စွန့်ခွာရမယ့်အရေး မေးခံရချိန်မှာတော့ အနည်းငယ် စိတ်ပျက်မိကြောင်း ဝါတာရုက ဝန်ခံခဲ့ပါတယ်။
“ ကျနော် နည်းနည်းတော့ စိတ်ပျက်ပါတယ်။ လက်ရွေးစင်အတွက်လည်း ကစားပေးဖို့ လိုအပ်တယ်လေ။ ကျနော် သွားရပါဦးမယ် ဒါပေမယ့် ဒီပွဲအနည်းငယ်မှာ လီဗာပူးလို အသင်းကို ကျနော် ဘာကြောင့် ရောက်လာသလဲ ပြသနိုင်ခဲ့ပါတယ်။
အခု ကျနော် ကာတာကို သွားပါမယ်။ ရလဒ်ကောင်းတွေနဲ့အတူ အသင်းထံ ပြန်လာပါမယ် ” လို့ နယူးကာဆယ်ပွဲအပြီးမှာ ဝါတာရု အန်ဒိုက ပြောပါတယ်။
ဂျပန်အသင်းခေါင်းဆောင်ဟာ ဒီနွေမှာ စတုန်ဂတ်ကနေ လီဗာပူးအသင်းထံ ပေါင် ၁၆.၂၅ သန်းဖြင့် ပြောင်းလာခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၂၄ ပွဲထိ ကစားပေးထားပါပြီ။ အခုဆိုရင် ကွင်းလယ်ခံစစ် နေရာတွက် သူ့အပေါ် လီဗာပူးပရိသတ်တွေကလည်း ယုံကြည်လာနေကြပါပြီ။
ဝါတာရုဟာ ဩဂုတ်လတုန်းက နယူးကာဆယ်ကို ၂-၁ ဖြင့် အနိုင်ရခဲ့တဲ့ အဝေးကွင်းမှာ ကွင်းလယ်ကနေ ပွဲထွက်ခဲ့တာပါ။ အဲ့တုန်းကနဲ့ အခုဆိုရင် သူ့အပေါ် အားလုံးရဲ့ အမြင်က လုံးဝကို ပြောင်းလဲသွားခဲ့ပါပြီ။
“ ကျနော်ရဲ့ ပထမဆုံးပွဲကို နယူးကာဆယ်နဲ့ ယှဉ်ပြိုင်တုန်းက ကစားခဲ့ရတာပါ။ ဒီနေ့မှာ တူညီတဲ့ ခံစားချက်မျိုး ရခဲ့ပြီး ပွဲတိုင်းမှာ တိုးတက်လာနေကြောင်း ပြသဖို့ လိုအပ်ခဲ့ပါတယ်။ ရလဒ်ကောင်းရခဲ့တာအတွက် ကျနော် ပျော်ပါတယ်။ ကျနော် အကောင်းဆုံး ကြိုးစားမှာပါ ” လို့ ဝါတာရုက မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။
ဝါတာရုဟာ ဇန်နဝါရီလမှာ ဂျပန်အသင်းနဲ့ အာရှဖလား ယှဉ်ပြိုင်နေရမှာဖြစ်ပြီး ဖိုင်နယ်အထိ တက်ရောက်နိုင်မယ်ဆိုရင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ဘရန့်ဖိုဒ့်ပွဲလောက်မှ အသင်းထံ ပြန်ရောက်လာမှာဖြစ်ကာ ၈ ပွဲလောက်ထိကို လွဲချော်သွားမှာ ဖြစ်ပါတယ်။